ရွှေဘိုမှာ စစ်ကြောင်းနဲ့တိုးတဲ့ လူနှစ်ဦး ပစ်သတ်ခံရ
2023.07.02
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် အရှေ့ခြမ်းက ရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြန်ထွက်သွားချိန် ပစ်ခတ်သတ်ဖြတ်ခံထားရတဲ့ အမျိုးသားနှစ်ဦးရဲ့ အလောင်းတွေကို ဇူလိုင် ၂ ရက်နေ့က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား လေးဆယ်လောက်ပါတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁ ရက်နေ့မှာ စစ်ကြောင်းထိုးခဲ့ပြီး စစ်ကြောင်းထိုးရာ လမ်းကြောင်းပေါ်က ကော့ရွာ ဇရပ်အနီးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသား နှစ်ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“ရွှေဘိုအရှေ့ဘက်ကို စစ်ကြောင်းထိုးရာ လမ်းကြောင်းပေါ့ ကော့ရွာ ဇရပ်နားမှာ လူနှစ်ယောက်ကို ပစ်သတ်သွားခဲ့ပါတယ်။ ဘယ်ရွာကလူတွေ ဘယ်သူတွေဆိုတာတော့ မသိရသေးပါဘူး။ အလောင်းက ဒီနေ့မနက် (ဇူလိုင်လ ၃ ရက်) အဲဒီနားမှာ ရှိနေပါတယ်”
ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် အကြောင်းမပြန်ပါဘူး။
ရွှေဘိုမြို့နယ်နဲ့ တစ်ဆက်တည်းဖြစ်တဲ့ ခင်ဦးမြို့နယ်မှာလည်း စစ်ကြောင်းနဲ့တိုးတဲ့ ချမ်းသာကုန်းရွာက အသက် ၆၀ အရွယ်အမျိုးသားတစ်ဦး သေနတ်နဲ့ပစ်ခံရလို့ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခင်ဦးမြို့နယ်မှာတော့ ဇူလိုင်လ ၂ ရက် ကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေတာကြောင့် ဒေသခံ ခြောက်ထောင်လောက် ထွက်ပြေးနေရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။