ရွှေကုက္ကိုနဲ့ လေးကေ့ကော်ကို ထိုင်းဘက်က လျှပ်စစ်မီးဖြတ်တောက်
2023.06.06

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်က ကာစီနိုလောင်းကစားရုံတွေရှိတဲ့ ရွှေကုက္ကိုမြို့သစ်နဲ့ မြ၀တီမြို့အနားက အင်ကြင်းမြိုင် (KK Park) ဒေသတစ်ဝိုက်ကို ဇွန်လ ၅ ရက် မနေ့ည ၁၂ နာရီကစပြီး ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်ခရိုင် အရာရှိတစ်ဦးကလည်း ထိုင်းအစိုးရ စွမ်းအင်အာဏာပိုင်အဖွဲ့က အခုလို လျှပ်စစ်မီးဖြတ်တောက်မယ့်အကြောင်း RFA ရဲ့ ညီနောင်သတင်းဌာနဖြစ်တဲ့ Benar News ကို ဇွန်လ ၁ ရက်နေ့ကတည်းက ဖြေဆိုထားပါတယ်။
အဲဒီအစီအစဉ်အရ လာမယ့် ဇွန်လ ၅ ရက်နေ့ညမှာ ရွှေကုက္ကိုမြို့သစ်နဲ့ လေးကေ့ကော်ကို ပေးပို့နေတဲ့ လျှပ်စစ်ဓာတ်အားတွေကို ဖြတ်တောက်မှာဖြစ်တယ်လို့ဆိုပါတယ်။
ရွှေကုက္ကိုမြို့သစ်မှာ မနေ့ကစပြီး လျှပ်စစ်မီး မလာတော့တာကြောင့် မီးစက်တွေ နှိုးထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“မနေ့က စပျက်တာ။ ထိုင်းဘက်ကဖြတ်တာလား မြန်မာဘက်ကဖြတ်တာလားတော့ မသိဘူး။ အခုဒီနေ့တော့ မီးစက်တွေနိုးထားတာလေ ”
စစ်ကောင်စီရဲ့ မြဝတီခရိုင်လျှပ်စစ်ရုံးကို RFA က ဇွန်လ ၁ ရက်နေ့က ဆက်သွယ် မေးမြန်းရာမှာလည်း အခုလို မီးဖြတ်မယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြု ပြောဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ နယ်ခြားစောင့်တပ်(BGF) ဗိုလ်မှူးကြီးစောချစ်သူကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့သလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ဦးစောခင်မောင်မြင့်ကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။
ရွှေကုက္ကိုမြို့သစ် ကာစီနိုလောင်းကစားရုံတွေမှာ ခိုလှုံနေတဲ့ တရုတ်လူမျိုးတစ်ဦးကို တရုတ်အစိုးရ လက်ထဲလွှဲပြောင်းပေးဖို့ ဘန်ကောက်မြို့ တရားရုံးတစ်ရုံးက သဘောတူကြောင်း ပြီးခဲ့တဲ့ ဒီသီတင်းပတ်မှာ ဆုံးဖြတ်ကြေညာခဲ့ပြီးနောက် အဲဒီဒေသကို အခုလို လျှပ်စစ်ဓာတ်အား ဖြတ်တောက်မယ့် သတင်းပေါ်ထွက်လာတာဖြစ်ပါတယ်။