ရွှေဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့် ပိတ်ခံထားရ

RFA Burmese
2024.10.08
ရွှေဘိုထောင်က နိုင်ငံရေးအကျဉ်းသားတွေ မိသားစုနဲ့တွေ့ခွင့် ပိတ်ခံထားရ စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဉ်။
MOI

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက မိသားစုနဲ့တွေ့ဆုံခွင့် ပိတ်ပင်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က အောက်တိုဘာလ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို အခုလိုပိတ်ပင်တာဟာ အကျဉ်းသားအခွင့်အရေး ချိုးဖောက်တာလို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

"ရွှေဘိုအကျဉ်းထောင်က စစ်အုပ်ချုပ်ရေးနဲ့ လုံခြုံရေးကိုအကြောင်းပြပြီး အခုလိုပိတ်ပင်ထားမှုဟာ လူ့အခွင့်အရေးရော၊ အကျဉ်းသားအခွင့်အရေးရော ပေါ်ပေါ်တင်တင် ချိုးဖောက်ခံနေရတာဖြစ်တယ်၊ ဒီလိုချိုးဖောက်တဲ့အတွက် အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေဟာလည်း စိတ်ပိုင်းဆိုင်ရာအရ မိသားစုအကြောင်းတွေးရင်း စိုးရိမ်ပူပန်နေရသလို အပြင်မှာရှိတဲ့ မိသားစုဝင်တွေကလည်း အကျဉ်းထောင်ထဲမှာရှိတဲ့ မိမိတို့ရဲ့ မိသားစုဝင် နေကောင်းကျန်းမာမှုရှိမရှိနဲ့ အဆင်ပြေ၊ မပြေ ဆိုတာကို အမြဲတမ်း စိုးရိမ် ပူပန်နေရပါတယ်၊ အဲအတွက် ခွဲခြားပြီး ပိတ်ပင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ထောင်ဝင်စာဧည့်တွေခွင့်ကို အမြန်ဆုံး ခွင့်ပြုပေးဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့အနေနဲ့ ပြောချင်ပါတယ်"

ကိုဗစ် - ၁၉ ကြောင့် ၂၀၂၀ ပြည့်နှစ်ကတည်းက ပိတ်ထားခဲ့တဲ့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာတွေ့ခွင့်ကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်က စပြီး ပြန်လည်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ရွှေဘိုထောင်မှာတော့ ထောင်အာဏာပိုင်တွေက လုံခြုံရေးအကြောင်းပြကာ ဒီနှစ် ဇွန်လ ၁ ရက်နေ့က စလို့ ထောင်ဝင်စာကိုသာ လက်ခံပြီး ဧည့်တွေခွင့်ကို ထပ်မံပိတ်ပင်လိုက်တာပါ။

အောက်တိုဘာလ ၇ ရက်နေ့မှာတော့ တခြားရာဇဝတ် အကျဉ်းသားတွေကို ဧည့်တွေခွင့်ပြန်ပေးပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ ဆက်ပြီးပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

ဧည့်တွေ့ခွင့် ပိတ်ပင်တာကို ရွှေဘိုမြို့မှာရှိတဲ့ တပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်က အဓိက ညွန်ကြားထားတာလို့လည်း PPNM ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

PPNM စာရင်းတွေအရ ရွှေဘိုထောင်မှာ သေဒဏ်ချမှတ်ခံရသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသား ခြောက်ရာကျော်ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဧည့်တွေခွင့် ပိတ်ပင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အကျဉ်းဦးစီးဌာနနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အောက်တိုဘာ ၈ရက်နေ့အထိစာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူ နှစ်သောင်း တစ်ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။