ရွှေဘိုမှာ လက်နက်ကြီးကြောင့် တစ်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် တက်တူရွာထဲက နေအိမ်တစ်လုံးပေါ်ကို ဇူလိုင် ၁၂ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား တစ်ဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးသုံးလုံးကျရောက်ခဲ့ရာမှာ နှစ်လုံးပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့ သလို အသက် လေးနှစ်အရွယ် ကလေးငယ်တစ်ဦး၊ အသက် ၄၀ ဝန်းကျင် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားကိုးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရှိသူတွေထဲမှာ ရှစ်ဦးက ဒဏ်ရာပြင်းထန်ပြီး ကျန်သုံးဦးက ဒဏ်ရာအနည်းငယ် ရရှိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ကလေးက ဗိုက်ကိုထိတာ စိုးရိမ်ရတာပေါ့။ နောက်ထပ် ဒဏ်ရာပြင်းထန်းတဲ့သူက ခုနစ်ဦးရှိတယ်။ ကျန်တဲ့သုံးယောက်ကတော့ နည်းနည်းပါးပါး ဒဏ်ရာရတာပါ။ မစိုးရိမ်ရပါဘူး”

လက်နက်ကြီးကို တက်တူရွာနဲ့ကပ်လျက် ပလိုင်းရွာ စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်တာလို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အိမ်ခြေ နှစ်ရာဝန်းကျင်ရှိတဲ့ တက်တူရွာကို မနေ့က လက်နက်ကြီးတွေ ကျရောက်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပေမယ့် ဇူလိုင် ၁၃ ရက် ဒီနေ့မှာတော့ ရွာထဲပြန်ဝင်နေကြပြီလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၁၂ ရက်ထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းက ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၃၇၈၅ ဦး သတ်ဖြတ်ခံထားရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။