ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲက သပြေလှ၊ ချောင်း၀နဲ့ ဘိုကုန်းရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဇူလိုင်လ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ မီးရှို့ဖျက်ဆီးခဲ့လို့ သုံးရွာပေါင်းက နေအိမ် တစ်ရာနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား နှစ်ရာကျော်ပါတဲ့ ခြေလျင်တပ်ရင်း ခလရ - ၇၇ နဲ့ ခလရ-၁၀ တပ်တွေက စစ်ကြောင်း နှစ်ကြောင်းခွဲပြီး ဇူလိုင်လ ၃ ရက်နေ့ကတည်းက ရွှေကူမြို့နယ်ထဲကို စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။
ဇူလိုင်လ ၄ ရက်နေ့မှာတော့ ဘိုကုန်းရွာနဲ့ ချောင်းဝရွာတို့ကို မီးရှို့ခဲ့ပြီး သပြေလှရွာကိုတော့ ဇူလိုင် ၅ ရက်နေ့က မီးရှို့ခဲ့တာလို့ အမည်မဖော်လိုတဲ့ ရွှေကူမြို့နယ်က ဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကြောင်းက ဘိုကုန်းရွာမှာ စခန်းချနေတယ်။ အဲဒီကနေ ဘေးရွာတွေကို သွားလိုက် နေအိမ်တွေကို မီးရှို့လိုက် ညနေကျ ဘိုကုန်းရွာကို ပြန်ဝင် အဲဒီလိုလုပ်နေတာ ဟုတ်တယ်။ သူတို့ရှိနေတော့ ဖုန်းရော၊ အင်တာနက်ရော အဲဒီဘက်တွေ လိုင်းဖြတ်ခံထားရတယ်။ မြေပြင်အခြေအနေမှာတော့ မီးခိုးထွက်တာပဲ လိုက်ကြည့်နေရတော့ နေအိမ်မီးရှို့ခံရတာ တစ်ရာထက်လည်း ပိုနိုင်ပါတယ်”
ဇူလိုင်လ ၆ ရက်နေ့ ဒီနေ့မှာတော့ ချောင်းဝရွာဘက်ကို စစ်ကြောင်းတွေ ဝင်သွားပေမယ့် နေအိမ်တွေကို မီးရှို့၊ မရှို့ကိုတော့ အတိအကျ မသိရသေးဘူးလို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
စစ်ကြောင်းထိုးလာတာကြောင့် အရပ်သား နှစ်ထောင်ကျော်လည်း ရွှေကူမြို့ပေါ်နဲ့ နီးစပ်ရာ ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် မတ်လနဲ့ ဧပြီလတုန်းကလည်း အင်အား တစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာ စတဲ့ ရွာပေါင်း ၁၂ ရွာက နေအိမ် တစ်ထောင်နီးပါးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ ဇူလိုင်လဆန်းပိုင်းကစလို့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်မဟာ (၅) လက်အောက်ခံ တပ်ရင်း (၃) နယ်မြေ ဝိုင်းမော်-ကံပိုင်တည် လမ်းမပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲပြင်းထန်နေသလို KIA ဌာနချုပ် လိုင်ဇာအနီးက မန်ဆန်ယန်ရွာမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။