ရွှေကူမှာ လက်နက်ကြီးကြောင့် မိသားစုလေးဦး ဒဏ်ရာရ
2023.11.16

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့မရဲစခန်းကနေ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရသူတွေဟာ အသက် ၄၀ ကျော် အရွယ် ဦးလှသိန်းနဲ့ သူ့ရဲ့ ဇနီး ဒေါ်မေလွင်၊ အသက် ၁၀ နှစ် အရွယ် သမီးနှစ်ဦးတို့ဖြစ်ပါတယ်။ သူတို့လေးဦးစလုံးကို ရွှေကူဆေးရုံကို အရေးပေါ်ပို့ဆောင်ထားရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ရွှေကူမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။
"လေးဦးစလုံးကတော့ အိပ်နေတုန်း ထိမှန်ကြတာပေါ့။ လက်၊ ခါး၊ ခေါင်း၊ ရင်ဘတ်တွေ ထိတာ။ အဲဒီအထဲမှာ ဦးလှသိန်းရဲ့ ဇနီးနဲ့ သမီးအကြီးမလေးက ဒဏ်ရာနည်းနည်း ပြင်းတယ်။ အခုတော့ လိုအပ်တဲ့ဆေးကုသမှုတွေ လုပ်ပေးနေပါတယ်"
အဲဒီနေ့က ရွှေကူမြို့ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှိနေတယ်ဆိုပြီး လက်နက်ကြီး ငါးကြိမ်ထက်မနည်း ရွှေကူမြို့မရဲစခန်းက ပစ်ခတ်ခဲ့တာလို့ သူကဆိုပါတယ်။
ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေထဲက ဦးလှသိန်းရဲ့ နေအိမ်ပေါ်ကို တစ်လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး ကျန်တဲ့ လေးလုံးကတော့ ရွှေကူမြို့ထဲမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ ကချင်ပြည်နယ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ဒါ့အပြင် ရွှေကူမြို့နယ် အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကြား နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် မြို့ထဲမှာ သွားလာလှုပ်ရှားတာတွေ သိပ်မရှိဘဲ အခြေအနေကို စောင့်ကြည့်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။