မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာ ဇူလိုင်လ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် ချီရွာ၊ ဘူးရွာနဲ့ တပွင်ရွာတွေက အရပ်သား ၁၇၀၀ နီးပါး အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား တစ်ရာနီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက ဇူလိုင်လ ၂ ရက်မှာ ချီရွာကို စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီနေ့မှာပဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ဒေသခံတွေဟာ ဇူလိုင်လ ၉ ရက်နေ့အထိ တောတောင်တွေထဲမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အခုက စစ်ကြောင်းထိုးလို့ ထွက်ပြေးနေတာက ချီကျေးရွာရယ်၊ ဘူးကျေးရွာရယ်၊ တပွင်ကျေးရွာရယ် သုံးရွာ ပြေးနေရတယ်။ အားလုံး သုံးရွာပေါင်းက ၁၇၀၀ လောက် ရှိတယ်။ ဒေသခံတွေကတော့ သူတို့ယာတွေ၊ ကိုင်းတွေထဲမှာရှိတဲ့ တောင်ယာ တဲလေးတွေပေါ့နော်၊ နီးစပ်ရာနေရာတွေ နေကြတယ်"
ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းတိုက်ခိုက်တာနဲ့ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ စာရင်းအရ အာဏာသိမ်းပြီးနောက် မကွေးတိုင်းက ဒေသခံ ၂၀၅,၄၀၀ ဦး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။