ရန်ကုန်မှာ အသံတိတ်သပိတ် ဓာတ်ပုံရိုက်မှုနဲ့ လူငယ်သုံးဦး ဖမ်းဆီးခံရ
2024.02.01

ရန်ကုန်မြို့မှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့် အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုတွေကို လမ်းမပေါ် ဓာတ်ပုံမှတ်တမ်းယူနေတဲ့ လူငယ်သုံးဦး ဖမ်းဆီးခံခဲ့ရတယ်လို့ အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ (ရန်ကုန်) က RFA ကို ပြောပါတယ်။
အဲဒီလူငယ်တွေဟာ မြောက်ဥက္ကလာပမြို့နယ်ကနေ အရပ်ဝတ်လူတစ်စုက ဖမ်းဆီးသွားတာလို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ (ရန်ကုန်) အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"တော်လှန်ရေးအဖွဲ့ထဲက မဟုတ်ပါဘူး၊ မြောက်ဥက္ကလာပမြို့နယ်ထဲမှာ ဖုန်းကိုင်ထားတဲ့ လူငယ်သုံးယောက်ကို အရပ်ဝတ်နဲ့ လူတွေက ဖမ်းပြီး ရပ်ကွက်ရုံးကို ခေါ်သွားတယ် ကြားတယ်၊ လောလောဆယ်တော့ အဲဒီလောက်ပဲ သိရပါသေးတယ်၊ ထပ်သိရရင် ပြောပါမယ်"
ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အချက်အလက်တွေကို မသိရသေးပါဘူး။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ လမ်းမတွေပေါ် မထွက်ဘဲ အသံတိတ်သပိတ် လှုပ်ရှားမှုတွေကို နိုင်ငံအနှံ့မှာ ဒီနေ့ ပြုလုပ်ခဲ့ကြတာပါ။
ရန်ကုန်တိုင်း ကြည့်မြင်တိုင်နဲ့ လှိုင်မြို့နယ်မှာတော့ စစ်ကောင်စီအဖွဲ့က စျေးဆိုင်တွေကို ဖွင့်ခိုင်းတာ၊ ပိတ်ထားတဲ့ဆိုင်တွေကို ဓာတ်ပုံမှတ်တမ်းယူတာတွေ လုပ်သွားတယ်လို့ ကြည့်မြင်တိုင်မြို့နယ်မှာ နေထိုင်သူ လူငယ်တစ်ဦးက ပြောပါတယ်။
"အပေါ်ထပ်တွေတော့ မတက်ဘူး၊ ဆိုင်မဖွင့်တဲ့ စျေးဆိုင်တွေကိုလည်း ဖွင့်ခိုင်းတယ်၊ ခြိမ်းခြောက်ပြီး ဖွင့်ခိုင်းတာ။ ပိတ်ထားတဲ့ဆိုင်တွေ ဓာတ်ပုံရိုက်တယ်၊ လူဘယ်နှစ်ယောက်နေလဲ၊ ရှိလဲမေးသွားတယ်ပြောတယ်၊ အားလုံး အရပ်ဝတ်တွေနဲ့ချည်းပဲ၊ အမျိုးသမီးတွေပါပါတာ၊ စာရွက်တွေနဲ့ စာရင်းတွေမှတ်သွားတယ်၊ တိုက်ခန်းတော်တော်များများကို"
အရင်က အခုလို နေ့ဘက်မှာ ဧည့်စာရင်းစစ်တာမျိုး မရှိခဲ့ဘူးဘူးလို့လည်း သူက ပြောပါတယ်။
ရန်ကုန်မြို့လယ်က ကျောက်တံတား၊ ပန်းဘဲတန်းနဲ့ ဗိုလ်တထောင်မြို့နယ် တွေမှာတော့ ရဲကား၊ စစ်ကားနဲ့ ထောင်ကားတွေ လှည့်လည်ပြီး အင်အားပြခဲ့ကြတယ်လို့ ပန်းဆိုးတန်းမြို့နယ်က အငှားယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
"အဖမ်းခံရတာ ရှိလား၊ မရှိလားတော့ သေချာမသိဘူး၊ ကုန်သည်လမ်းမပေါ်မှာတော့ စစ်ကောင်စီက သူတို့ လုံခြုံရေးကားတွေအဖွဲ့လိုက်ကြီး လမ်းပြောင်းပြန်ကို မောင်းပြီးသွားနေကြတာ၊ အရေးပေါ်အသံတွေတောင်ပေးပြီး သွားနေကြတာ၊ ပြည်သူတွေ အပြင်မထွက်ဘဲ အသံတိတ်သပိတ် လုပ်တဲ့နေ့မို့လို့သာပေါ့၊ မဟုတ်ရင် ကားတွေတိုက်ကုန်လောက်တယ်၊ သူတို့ပဲ ယာဉ်စည်းကမ်းတွေ ချိုးဖောက်နေကြတာ"
ရန်ကုန်မြို့လမ်းမပေါ်မှာ လူငယ်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း၊ စစ်ကောင်စီ ပြောခွင့်ရသူ ဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
ရန်ကုန်မြို့အပြင် မန္တလေးမြို့က မဟာအောင်မြေကျောက်ဝိုင်းမှာ ဒီနေ့ ဆိုင်အများစုကို ပိတ်ထားကြတာကြောင့် စည်ပင်နဲ့ ရဲတွေ လာရောက်စစ်ဆေး အတင်းအကျပ်ဖွင့်ခိုင်းခဲ့သလို ဧရာဝတီ၊ ပုသိမ်မြို့က ပိတ်ထားတဲ့ စျေးဆိုင်တွေကိုလည်း စစ်ကောင်စီအဖွဲ့က လာရောက်ခြိမ်းခြောက်ပြီး ဆိုင်တွေကို ဖွင့်ခိုင်းတာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ အသံတိတ်သပိတ်နဲ့ အဖြူရောင်လှုပ်ရှားမှုတွေကို ရန်ကုန်မြို့ အပါဝင် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီ၊ မကွေးနဲ့ ပဲခူးတိုင်းတွေ အပါအဝင် နေရာအနှံ့ပြုလုပ်ခဲ့ကြသလို စစ်ကောင်စီဘက်ကလည်း တန်ပြန်ဆန္ဒပြပွဲတွေကို လူစုပြီး ပြုလုပ်ခဲ့ကြပါတယ်။