လက်စားချေတဲ့နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချဖို့ မြန်မာကို စင်ကာပူပြော

RFA Burmese
2024.11.21
လက်စားချေတဲ့နိုင်ငံရေးအတွက် အာဆီယံကို အသုံးမချဖို့ မြန်မာကို စင်ကာပူပြော စင်ကာပူနိုင်ငံ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တွင် ကျင်းပခဲ့သည့် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် တွေ့ရစဉ်။
Mindef/asia one

[Updated: 7:15, November 21, 2024]

မြန်မာအနေနဲ့ လက်စားချေတဲ့နိုင်ငံရေးအတွက် အာဆီယံအဖွဲ့ကြီးကို အသုံးမချပါနဲ့လို့ စင်ကာပူ ကာကွယ်ရေးဝန်ကြီးက ပြောလိုက်ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့က လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ပြုလုပ်တဲ့ ၁၈ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမှာ အခုလို ပြောခဲ့တာလို့ စင်ကာပူအခြေစိုက် The Straits Times သတင်းစာမှာ ဒီနေ့ ဖော်ပြထားပါတယ်။

အာဆီယံဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် မိတ်ဖက်နိုင်ငံသစ်တွေ လက်ခံမယ့်အစီအစဉ်ကို အခုအစည်းအဝေးအတွင်း ဆွေးနွေး အတည်ပြုဆုံးဖြတ်မယ့်အပေါ် မြန်မာတစ်နိုင်ငံတည်းက ကန့်ကွက်နေတာပါ။

အခုလို ကန့်ကွက်နေတဲ့အတွက် ဒီကိစ္စကို လာမဲ့ ၂၀၂၅ ခုနှစ် မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌတာဝန်ယူတဲ့အခါ ဆက်ပြီး ကိုင်တွယ်ဖြေရှင်းရတော့မဲ့အကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen က ပြောပါတယ်။

မြန်မာနိုင်ငံက အခုလို ကန့်ကွက်နေတာဟာ ဒေသတွင်းကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုအတွက် အနှစ်နှစ်ဆယ်ကျော် ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရတဲ့ အာဆီယံရဲ့ဗဟိုကျမှုကို ထိခိုက်စေနိုင်တယ်လို့လည်း သူက ပြောပါတယ်။

လက်ရှိမှာ အာဆီယံရဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးဖက်နိုင်ငံတွေအဖြစ် သြစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ ကိုရီးယားတောင်ပိုင်းနှင့် အမေရိကန်တို့ ပါဝင်ပါတယ်။ အနောက်နိုင်ငံတချို့ကလည်း ဒီပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှာ ပါဝင်လိုကြောင်း ပြောဆိုထားပါတယ်။

ဒီကိစ္စကို မြန်မာနိုင်ငံကလွဲရင် ကျန်တဲ့နိုင်ငံတွေက သဘောတူထားပြီဖြစ်ကြောင်း၊ မြန်မာအနေနဲ့ ကိုယ်ပိုင်အကျိုးစီးပွားအတွက် အာဆီယံကို အသုံးမချသင့်ကြောင်း၊ အာဆီယံဟာ မြန်မာကြောင့် အခက်တွေ့နေရတာတွေကိုလည်း အားလုံးသိထားပြီးပြီလို့ ထင်ကြောင်း၊ အာဆီယံရဲ့တိုးတက်မှုနဲ့ ရှေ့ဆက်သွားလိုတဲ့ဆန္ဒကို အဟန့်အတား မဖြစ်သင့်ကြောင်း အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း မြန်မာအနေနဲ့ မလိုက်နာတာကို အားလုံးသိကြကြောင်းလည်း Dr.Ng Eng Hen က ပြောပါတယ်။

ဗီယန်ကျန်းမြို့မှာ ပြုလုပ်နေတဲ့ အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို စစ်ကောင်စီကာကွယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်နိုင်ဝင်း တက်ရောက်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။