စဉ့်ကူးမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါး အကူအညီလိုအပ်နေ
2023.05.27
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် သဲအင်းတိုက်နယ်ထဲကရွာ ၁၁ ရွာမှာ နေထိုင်တဲ့ ဒေသခံ တစ်သောင်းကျော်ဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင် တိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မေလ ၂၀ ရက်ကစပြီး စဉ့်ကူးမြို့နယ်ထဲကို အင်အားတစ်ရာနီးပါး စစ်ကြောင်းထိုး ဝင်လာတာကြောင့် သဲအင်းတိုက်နယ်ထဲက ကျွန်းကြီး၊ ကြက်တူရွေး၊ သဲအင်းရွာ အပါအဝင် ရွာ ၁၁ ရွာက ဒေသခံတွေက နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတာပါ။
မေလ ၂၅ ရက်မှာ မြေပြင်စစ်ကြောင်းထိုးလာတဲ့အပြင် တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ပါ သဲအင်းရွာအနီးတဝိုက်ကို နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရက်မှာပဲ ဒေသကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ နေရပ်မပြန်နိုင်ကြသေးဘဲ စစ်ဘေးဒုက္ခသည်တွေအဖြစ် ရက်ရှည်နေထိုင်လာရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စဉ့်ကူးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်ကြောင်းက ထွက်သွားပြီအထင်နဲ့ ရွာသားတွေက ပြန်ဝင်လာတဲ့အချိန် စစ်ကြောင်းက ပြန်ဝင်လာလို့ ထွက်ပြေးကြရတာတွေလည်းရှိတယ်။ ဒီဘက်မှာက တောမရှိဘူး၊ မြေပြန့်ဆိုတော့ ကျွန်းတွေပေါ်မှာ ရှောင်တာလည်းရှိသလို ဘုန်းတော်ကြီးကျောင်းမှာ နေကြတာလည်းရှိပါတယ်၊ စစ်ကောင်စီတပ်တွေက ရွာထဲကိုအကြိမ်ကြိမ်မီးဝင်ရှို့နေတော့တာပဲ။ အခုထိ နေရပ်မပြန်နိုင်သေးဘူး”
မေလ ၂၇ ရက်ဒီနေ့မနက်မှာလည်း ကြက်တူရွေးနဲ့ သဲအင်းရွာကို စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကျွန်းကြီးရွာက နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။