ရခိုင်ပြည်နယ်မြို့တော် စစ်တွေနဲ့ ၁၅ မိုင်ခန့်သာဝေးတဲ့ ပုဏ္ဏာကျွန်းမြို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ တဖြည်းဖြည်းနီးကပ်လာလို့ ဒေသခံတွေမြို့ကို စွန့်ခွာထွက်ပြေးနေကြတယ်လို့ စစ်တွေမြို့ခံတွေက မတ်လ ၇ ရက်နေ့မှာ RFA ကို ပြောပါတယ်။
AA ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် အခုရက်ပိုင်းတွေမှာ မြို့ကိုစွန့်ခွာသူတွေများလာတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အခု စစ်တွေမှာ လျှပ်စစ်မီးလည်း မရတော့ဘူး။ ပုဏ္ဏားကျွန်းကို AA က သိမ်းပြီးကတည်းက မရတော့တာ။ တိုက်ပွဲလည်း မြို့နားကပ်လာတယ်ဆိုတော့။ လူတော်တော်များများထွက်ပြေးနေကြတယ်။ အဓိကတော့ သက်ကြီးပိုင်းတွေနဲ့ လူငယ်ပိုင်းတွေ ထွက်ပြေးတာများပါတယ်"
ဒေသခံအများစုဟာ ရက္ခိုင့်တပ်တော် (AA) ထိန်းချုပ်ထားတဲ့ ပေါက်တော၊ ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦး စတဲ့ မြို့နယ်တွေဘက်ကို ထွက်ပြေးတာတွေရှိသလို ရန်ကုန်ဘက်ကိုလည်း လေကြောင်းကနေတစ်ဆင့် ထွက်ပြေးတာရှိပြီး တစ်နေ့ကို လူသုံးရာခန့်အထိ နေ့စဉ်ထွက်ပြေးနေကြတာလို့ သူကဆိုပါတယ်။
စစ်တွေမြို့နယ်မှာ လူပေါင်းတစ်သိန်းခွဲနီးပါးနေထိုင်ပြီး မြို့နယ်လူဦးရေတစ်ဝက်လောက်က မြို့ကိုစွန့်ခွာသွားပြီပြောဆိုကြပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်တွေမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း မြို့ပေါ်တွေမှာပါ စစ်ရေးအခိုင်အမာပြင်ဆင်မှုတွေ မြင်တွေ့ရသလို တိုက်ပွဲဖြစ်လာရင် ပိတ်မိနေမှာကို စိုးရိမ်တာကြောင့် အခုလို ထွက်ပြေးကြတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
နေရာပြောင်းရွေ့ထွက်ခွာဖို့ ငွေကြေးမတတ်နိုင်တာကြောင့် မြို့တွင်းမှာပဲ ဆက်လက်နေထိုင်ပြီး ရင်ဆိုင်ဖို့ကြိုတင်ပြင်ဆင်နေကြတဲ့ မြို့ခံတချို့လည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်နေတဲ့ ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေကို ရိုက်ခတ်မှုရှိလာပြီး၊ အခြေအနေပိုဆိုးလာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး UNOCHA က မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။