ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စစ်တွေကမ်းခြေကိုပိတ်
2020.04.15
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူပေါင်းထောင်နဲ့ချီ လာရောက်အပန်းဖြေလေ့ရှိတဲ့ စစ်တွေကမ်းခြေကို မြို့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ပိတ်လိုက်ပြီး ရဲတပ်ဖွဲ့အင်အားတွေကိုပါ အများအပြားချထားပါတယ်။
အခုလို ပိတ်မယ့်အကြောင်း ကမ်းခြေလျှောက် မနေ့က လှည့်လည်ကြေညာခဲ့သလို စားသောက်ဆိုင်တွေနဲ့ အခြားဆိုင်တွေကိုပါ အသိပေးခဲ့တာပါ။
စစ်တွေမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်လို့ လူစုလူဝေးမလုပ်ဖို့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ဧပြီလ ၁၀ ရက်နေ့ကပင် အသိပေး ကြေငြာထားပေမယ့် မလိုက်နာတဲ့သူတွေ ရှိနေပါတယ်။
ဒါကြောင့် ဒီနေ့မနက် ၁၀ နာရီလောက်ကပင် ကမ်းခြေကို အခုလိုပိတ်လိုက်တာလို့ စစ်တွေမြို့မိမြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုလေးက ပြောပါတယ်။
ဧပြီလ ၁၀ ရက်နေ့က ၃၀ ရက်နေ့အတွင်း ကမ်းခြေအပါအဝင် အခြားနေရာတွေမှာပါ လူစုလူဝေးဖြစ်စေတဲ့ အရာမှန်သမျှမလုပ်ကြဖို့ မြို့အုပ်ချုပ်ရေးအဖွဲ့က အသိပေးကြေငြာထားတာပါ။
ဒီနေ့ ကမ်းခြေကိုစတင်ပိတ်လိုက်တဲ့ ကိစ္စဟာလည်း ဧပြီလ ၃၀ ရက်နေ့အထိ အကျုံးဝင်တယ်ဆိုပေမယ့် အခြေအနေအရ လိုအပ်ရင်လိုအပ်သလို စည်းကမ်းချက်တွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ စစ်တွေမြို့မှာ မနေ့ကအထိ ဆောင်းဘောက်တွေဖွင့်ပြီး ကားပတ်သူအချို့နဲ့ ကမ်းခြေမှာ လာရောက် ရေကစားသူတွေရှိခဲ့ပေမယ့် ဒီနေ့မှာတော့ လူသူကင်းမဲ့သွားတာကို တွေ့ရပါတယ်။
စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ဦးသန်းရွှေက ကပ်ရောဂါဘေးကို ကျော်လွှားနိုင်ဖို့အတွက် လူထုက ပူးပေါင်းပါဝင်ရေးက အရေးကြီးတယ်လို့ ပြောပါတယ်။
ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စည်ပင်၊ မြို့မိမြို့ဖတွေပါဝင်တဲ့ မြို့အုပ်ချုပ်ရေးအဖွဲ့က ကမ်းခြေကို လာရောက်သူတွေကို အိမ်ပြန်ခိုင်းသလို မြို့ထဲလမ်းတွေကိုပါ လှည့်လည်ကြည့်ရှုတာတွေကိုလည်း လုပ်ဆောင်နေတာပါ။
စစ်တွေခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ပြည်သူတွေကို နားလည်အောင်ရှင်းပြတဲ့နည်းကို အသုံးပြုနေပြီး နောက်ဆုံးမတတ်သာတော့မှ တည်ဆဲဥပဒေတွေနဲ့ အရေးယူတာတွေလုပ်မယ်လို့ ပြောပါတယ်။
နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားကျောင်းကန်သွားလေ့ရှိတဲ့ ဘာသာရေးကိစ္စတွေမှာပါ လူစုလူဝေးတွေမဖြစ်ရ အောင်နဲ့ ပင်စင်စားတွေအတွက် ပင်စင်လစာထုတ်ပေးရေး ကိစ္စအတွက်ပါ ကျယ်ဝန်းတဲ့ခန်းမတစ်ခုကို အသုံးပြုပြီး စနစ်တကျထုတ်ပေးဖို့အထိပါ စီစဉ်ထားတယ်လို့ စစ်တွေခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
စစ်တွေမြို့မှာ လက်ရှိ ပြည်ပကပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီး ၁၇ ဦးကို စောင့်ကြည့်နေပြီး လက်ရှိအချိန် အထိတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိသေးပါဘူး။