ဗျိုင်းဖြူရွာသား ၁၄ဝ ကျော် ထောင် သုံးနှစ်စီ ချမှတ်ခံရ

RFA Burmese
2024.08.30
ဗျိုင်းဖြူရွာသား ၁၄ဝ ကျော် ထောင် သုံးနှစ်စီ ချမှတ်ခံရ စစ်တွေဒေသခံများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံထားရသူတွေထဲက ဗျိုင်းဖြူရွာသား ၁၄ဝ ကျော်ကို ဩဂုတ် ၃ဝ ရက်နေ့မှာ စစ်တွေထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်ပါတယ်။

အာရက္ခတပ်တော် (AA) ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး ထောင်ချလိုက်တာလို့ ပြစ်ဒဏ်ချခံလိုက်ရသူတွေနဲ့ ပတ်သက်ပြီး ကျန်ခဲ့တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ကျွန်မတို့မှာ တစ်နေ့လုပ်မှ တစ်နေ့စားနေရတာ ဘယ်လိုလုပ် (AA) ထောက်ပံ့နိုင်မှာလဲ။ ဒါပေမဲ့ မရဘူး ချလိုက်တာပဲ”

အိမ်ခြေတစ်ထောင်ကျော်ရှိတဲ့ ဗျိုင်းဖြူရွာကို မေလ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ ခုနစ်ဆယ်ကျော် သတ်ဖြတ်ခံခဲ့ရသလို ရွာခံတွေလည်း မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရပါတယ်။

အဲဒီနောက် ဖမ်းဆီးခံထားရသူတွေထဲက အသက်မပြည့်သေးသူတချို့ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲခံထားရသူတွေ ကျန်သေးတယ်လို့ ဗျိုင်းဖြူရွာသားတွေကို အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။

“တရားစွဲခံထားရတာ နောက်ထပ် တစ်ရာလောက် ကျန်ဦးမယ်ထင်တယ်။ ဒီနေ့ တချို့ ပြန်လွတ်ကြမယ်ထင်တာ၊ မလွှတ်ဘဲ ၁၄ဝ ကျော် ၁၅ဝ လောက်ရှိမယ် အမိန့်ချခံလိုက်ရတာ၊ ကျန်ခဲ့တဲ့ သူတို့မိန်းမတွေ ငိုနေကြတာပဲ”

မေလ ၂၉ ရက်နေ့ဖြစ်စဉ်ပြီးနောက်ပိုင်း ဗျိုင်းဖြူရွာခံတွေဟာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြပြီး နေရပ်မပြန်ရဲကြဘူးလို့ ဆိုပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ မေလကုန်လောက်ကစပြီး ဩဂုတ်လဆန်းအထိ အာရက္ခတပ်တော် (AA) နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ - ၁၇(၁)၊ (၂) နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူပေါင်း နှစ်ရာလောက်အထိ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့ကို RFA က ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ဩဂုတ် ၂၉ရက်နေ့ညကစပြီး စစ်တွေမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ အပြန်အလှန် ပစ်ခတ်နေကြတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ နှစ်ဘက်စစ်ရေးတင်းမာနေတာကြောင့် ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေ ဖမ်းဆီးစစ်ဆေးတာတွေ ထပ်ရှိလာမှာကို မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။