စစ်တွေက ခရစ်ယာန်ဘာသာဝင်တွေ ကန့်သတ်ခံနေရ

RFA Burmese
2024.11.08
စစ်တွေက ခရစ်ယာန်ဘာသာဝင်တွေ ကန့်သတ်ခံနေရ စစ်တွေမြို့ရှိ ရွှေနှလုံးတော်ဘုရားကျောင်းအား ၂၀၂၄ ခုနှစ် မေလက တွေ့ရစဉ်။
Sacred Heart Church - Sittwe

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ကောင်စီက ခရစ်ယာန်ဘာသာဝတ်ပြုဆုတောင်းခြင်းဆိုင်ရာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကန့်သတ်ချက်အသစ်တွေ မကြာခင်က ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာခရစ်ယာန်ဘာသာဝင်များအသင်းက နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေမှာ လက်ဝါးကပ်တိုင်တွေ မထားရတော့ဘဲ ဘုရားကျောင်းတက်ရောက်လာသူတွေစာရင်းကို တင်ပြရမှာဖြစ်သလို အခမ်းအနားကျင်းပရင်လည်း နယ်မြေရဲစခန်းရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ခရစ်ယာန်ဘုရားကျောင်းဆောက်ဖို့ လက်ဝါးကပ်တိုင်တစ်ခု စိုက်ထူတာကို ရဲတွေရောက်လာပြီး ဖယ်ရှားဖို့ ပြောကြားခဲ့ကြောင်း မြို့ခံခရစ်ယာန်ဘာသာဝင်တစ်ဦးရဲ့ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ခရစ်ယာန်လူနည်းစုတွေကြား ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ကျောက်တော်မြို့နယ်မှာ ဒေသခံ ခရစ်ယာန်တရားဟောဆရာ ငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောကြားတဲ့အကြောင်းလည်း အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့် (USCIRF) အဖွဲ့ရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ ၂ဝ၂၄ ခုနှစ်မှာ ဘာသာရေးလွတ်လပ်ခွင့်အခြေအနေ ဆက်လက်ဆိုးဝါးနေတာကြောင့် ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။