TNLA အမျိုးသမီးစစ်သည် ၆ ဦး သတ်ဖြတ်ခံရကြောင်း သတင်းထုတ်ပြန်

ရှမ်းပြည်နယ်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် TNLA အမျိုးသမီးစစ်သည် ၆ ဦးကို တပ်မတော်က ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့က အစိုးရတပ်မတော်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် TNLA အမျိုးသမီးစစ်သည် ၆ ဦး အဖမ်းခံလိုက်ရပြီး အခုလိုအသတ်ခံရတာလို့ TNLA ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

‘’၁၁ ရက်နေ့ အာလောရွာထိပ်မှာ ကျနော်တို့ ဆေးကုသအဖွဲ့ပေါ့၊ မြန်မာ့တပ်မတော်က ခြုံခိုပြီးတော့ ပစ်ခတ်တယ်၊ ရဲဘော်တစ်ယောက်ကတော့ သေသွားတယ်၊ ရဲမေ ၆ ဦးကတော့ အဖမ်းခံရတယ်၊ ၁၄ ရက်နေ့လောက်မှ သူတို့မြှုပ်နှံထားတဲ့နေရာ သွားတွေ့တယ်၊ သူတို့ပြန်ဖော် ကြည့်တော့ ရဲမေတွေ ၆ ဦးပေါ့နော်၊ ရဲဘော်တစ်ဦးပါ အားလုံးပေါင်း ၇ ဦး စုပေါင်းပြီးတော့ မြှုပ်နှံ ထားတယ်’’

ဇူလိုင် ၁၁ ရက်နေ့ တိုက်ပွဲအတွင်း TNLA တပ်ဖဲ့ွဝင်တစ်ဦး ကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အစိုးရတပ်မတော် တပ်မ ၈၈ လက်အောက်ခံ ခမရ- ၃၀၁ နဲ့ တိုက်ပွဲဖြစ်ပွားတာလို့ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

ရုပ်အလောင်းတွေကို ဇူလိုင် ၁၄ ရက်နေ့က တေ့ွရှိရာ သေနတ်ဒဏ်ရာနဲ့ သေဆုံးသူ ၃ ဦး ရှိပြီး ကျန်တဲ့သူတွေရဲ့ ကိုယ်ခန္ဓာတွေမှာတော့ ဓားဒဏ်ရာတွေ၊ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာတွေ တေ့ွရှိတယ်လို့ TNLA ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားတာ မရှိသလို ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။