မော်လမြိုင်မြို့မှာ နေအိမ် တစ်ရာကျော်ကို ကျူးကျော်ဆိုပြီး ဖယ်ရှားခိုင်း
2025.01.22
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှောင်လမ်းမှာရှိတဲ့ နေအိမ်တွေကို ကျူးကျော်ဆိုပြီး စစ်ကောင်စီရဲ့ မြို့နယ်စည်ပင်သာယာရေး ကော်မတီက ဖယ်ရှားခိုင်းတာကြောင့် အခက်အခဲဖြစ်နေတယ်လို့ အဲဒီမှာ နေသူတွေက RFA ကို ဇန်နဝါရီ ၂၂ ရက် ဒီနေ့ ပြောပါတယ်။
နေအိမ်တွေကို ဇန်နဝါရီလ ၃၀ ရက် နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ မော်လမြိုင် မြို့နယ်စည်ပင်က ဇန်နဝါရီ ၂၀ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားထားတာလို့ ဆိုပါတယ်။
အကြောင်းကြားစာထဲမှာ မော်လမြိုင်မြို့ လှိုင်ရပ်ကွက်နဲ့ အေးသာယာရပ်ကွက်အတွင်းက မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးအမည်နဲ့ ခွင့်ပြုချက်ရထားတဲ့ မြေဧရိယာ ၁၁ ဧကကျော်မှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ နေအိမ်တွေကို အကြောင်းကြားထားတဲ့ရက်အတွင်း မဖယ်ရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကတော့ ပိုင်ရှင်မရှိလို့ ရောင်းထားတဲ့မြေကို ပိုင်ရှင်ပေါ်လာလို့ မွန်ပြည်နယ် စစ်ကောင်စီက ပြန်သိမ်းတာလို့ RFA ကို ပြောပါတယ်။
“လွန်ခဲ့တဲ့ ၁၈ နှစ်လောက်က ကွယ်ပျောက်နေတဲ့ ပိုင်ရှင်ပြန်ပေါ်လာတဲ့ပုံစံပေါ့။ ပထမ ပိုင်ရှင်မရှိတော့ဘူး ဆိုပြီးတော့ ဝယ်ရောင်းပုံစံမျိုး လုပ်လိုက်တာပေါ့။ အခုပိုင်ရှင်ပေါ်ပြီ ဖျက်ဆိုတဲ့အခါကျတော့ အဆင်မပြေတဲ့အတွက် အစိုးရမြေ၊ စည်ပင်မြေဆိုပြီး ပြန်သိမ်းလိုက်တဲ့ပုံစံ လုပ်လိုက်တာ”
အဲဒီနေရာမှာ နေအိမ် တစ်ရာကျော်ရှိတဲ့အပြင် အိမ်မဆောက်ရသေးဘဲ အကွက်ရိုက်ထားတဲ့ မြေကွက်မြေလွတ်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ် အပါအဝင် ရန်ကုန်၊ မန္တလေးနဲ့ ဒေသတချို့မှာ ကျူးကျော်နေထိုင်သူတွေဆိုပြီး နေအိမ်ဖယ်ရှားခိုင်းတာတွေ ပိုပြီးများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကျူးကျော်ဆိုပြီး ဖယ်ရှားခံရသူတွေကို အစားထိုးနေစရာ ပြန်ချမပေးဘဲ လူနေအိမ်တွေကို အင်အားသုံးဖယ်ရှားတာဟာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။