လွိုင်ကော်မြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေ
2023.11.26
တိုက်ပွဲတွေပြင်းထန်နေတဲ့ ကယားပြည်နယ် (ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေပြီး တချို့အသင်းအဖွဲ့အတွေဆိုရင် မြို့ကိုစွန့်ခွာမှုပါရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၁၁ ရက်ကစပြီး လူမှုကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီဘက်က တင်းကျပ်လာသလို အရေးပေါ်ကားအသုံးပြုမှုကိုပါ ကန့်သတ်လာတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့ခံ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
“လွိုင်ကော်မြို့ပေါ်က ပရဟိတအဖွဲ့တော်တော်များများတော့ မြို့ပေါ်မှာ မရှိကြတော့ဘူး။ လုံခြုံရေးအခြေအနေကြောင့် တခြားဒေသတွေကို ထွက်သွားကြတယ်။ ကူညီရေးအပိုင်းမှာလည်း အကန့်အသတ်တွေဖြစ်လာတာရယ်။ လုံခြုံရေးအခြေအနေ စိုးရိမ်လာကြတာကြောင့်ပါ”
လွိုင်ကော်မြို့ပေါ်မှာ လူမှုကူညီရေးအသင်းအဖွဲ့ ငါးခုထက်မနည်းရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ တစ်လေးလုံးစစ်ဆင်ရေး မတိုင်ခင်အထိ ဒေသလူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ခဲ့ကြတာပါ။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော်မြို့ပေါ်က နောက်ထပ် ပရဟိတအဖွဲ့ဝင်တစ်ဦးကလည်း တစ်လေးလုံးစစ်ဆင်ရေး စပြီးနောက်ပိုင်း လူမှုကူညီရေးလုပ်ငန်းတွေကို စစ်ကောင်စီတပ်က ကန့်သတ်လာတယ်လို့ RFA ကို ပြောပါတယ်။
ဒါ့ကြောင့် တချို့သော လူမှုကူညီရေးလုပ်ငန်းတွေကို အရေးပေါ်ကားအသုံးမပြုဘဲ တခြားနည်းနဲ့ပို့ပေးခဲ့ရပြီး အခုတော့ အဲဒီလို အကူအညီပေးမှုတွေပါ ရပ်ဆိုင်းသွားပြီလို့ ဆိုပါတယ်။
ဒေသခံတွေကတော့ လွိုင်ကော်မြို့ရဲ့ ရပ်ကွက်တွေထဲကို စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးတွေ နေ့စဉ်ပစ်ခတ်နေတာကြောင့် ထိခိုက်မှုတွေရှိပြီး အကူအညီတွေ မကြာခဏလိုအပ်နေတာလို့ ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့မှာရှိတဲ့ လူမှုကူညီရေးလုပ်ငန်းတွေကို ကန့်သတ်ထားတဲ့အပေါ် တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
ဒါ့အပြင် ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် (ကရင်နီပြည်) ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
လွိုင်ကော်မြို့မှာ နိုဝင်ဘာလ ၁၁ နေ့ကစလို့ တစ်လေးလုံးစစ်ဆင်ရေးအဖြစ် ကရင်နီပြည်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့အထိ လက်နက်ချတဲ့ စစ်ကောင်စီတပ်သား ၅၉ ယောက်အထိရှိပြီလို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။
ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချဖို့နဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် တည်ဆောက်နိုင်ဖို့အတွက် လွိုင်ကော်မြို့က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုချပြီး မြို့သိမ်းတိုက်ပွဲတွေ ဖော်ဆောင်သွားမယ်လို့လည်း ခွန်းဘီထူးက ပြောထားပါတယ်။