သံဖြူဇရပ်မှာ လူမှုကူညီရေး ဥက္ကဋ္ဌ အပါအဝင် သုံးဦး အကြမ်းဖက်ပုဒ်မနဲ့တရားစွဲခံရ
2024.10.14
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ အပါအ၀င် အသင်းသား သုံးဦးဟာ ကာကွယ်ရေးတပ်ဖွဲ့တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲခံရတယ်လို့ အဲဒီအသင်းနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
သူတို့ သုံးဦးကို သံဖြူဇရပ် မြို့မရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ အမှုဖွင့် တရားစွဲလိုက်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပုဒ်မ ၅၀ (ည) နဲ့ သုံးယောက်လုံးအဖွင့်ခံရတယ်။ ဥက္ကဋ္ဌရယ်၊ ယာဥ်မောင်းတစ်ယောက်ရယ်၊ ဘဏ္ဏာရေးမှုးရယ် PDF တွေကို ငွေကြေးထောက်ပံ့မှုတွေ လုပ်တယ်ဆိုပြီး သံဖြူဇရပ် မြို့မရဲစခန်းက အမှုဖွင့်တာ”
သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက်မှာရှိတဲ့ အခမဲ့ နာရေးပို့တာနဲ့ လူနာတင်ယာဥ် ပြေးဆွဲပေးတဲ့ ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌဖြစ်တဲ့ ဦးရဲမင်းထိုက်၊ ဦးဇော်ဝမ်း၊ ကိုရဲလှိုင်ဦး၊ ကိုဝင်းကြည်၊ ကိုဟိန်းစည်သူမင်းဦးတို့ အပါအဝင် အသင်းဝင်ကိုးဦးကို စက်တင်ဘာ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံထားရသူတွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိရွာက အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်းက စစ်ကြောရေးစခန်းမှာ ရက်ပေါင်း နှစ်ဆယ်ခန့် ဖမ်းဆီးစစ်ဆေးခံရပြီးနောက် သုံးဦးကို အမှုဖွင့်တာဖြစ်ပြီး ကျန်တဲ့ ခြောက်ဦးကိုတော့ စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း ကျိုက်ထိုမြို့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ကော့စံနိုင် လူမှုကူညီရေး အသင်းသား လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ တရားစွဲခံထားရပါတယ်။
အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်မှာ လူမှုကူညီရေး အသင်းဝင်တွေ ဖမ်းဆီးခံရမှု မကြာခဏဆိုသလို ရှိနေတာကြောင့် လွတ်လွတ်လပ်လပ် သွားလာကူညီခွင့် မရဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင် ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၁၁ ရက်နေ့အထိ စာရင်းအရ အာဏာသိမ်းကာလအတွင်း လူပေါင်း သုံးသောင်းခန့် (၂၇,၅၄၁ ဦး) ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက နှစ်သောင်းကျော် ( ၂၁,၀၄၄ ဦး) ကတော့ ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ဆိုပါတယ်။