စစ်ကောင်စီတပ်သားတစ်ဦး ကိုးကန့်တပ်ဖွဲ့နဲ့ ပူးပေါင်း

စစ်တပ်နဲ့ ကိုးကန့်အဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်တပ်မတော် (MNDAA) တပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ် မုံးကိုးဒေသမှာ စစ်တပ်ဘက်က တပ်သားတစ်ဦး အောက်တိုဘာလ ၁၈ ရက်နေ့က လက်ပစ်ဗုံးနှစ်လုံးနဲ့အတူ အလင်းဝင်လာတယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူဟာ အမှတ် (၁၂) လက်အောက်ခံ တပ်ရင်း (၅၄၅) က တပ်ရင်းမှူးရဲ့ ကိုယ်ရံတော် လက်ဖြောင့်တပ်သား ကိုထိုက် ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာပါဝင်တဲ့ အကိုဖြစ်သူ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သလို စစ်တပ်ထဲမှာ တပ်သားတွေရော မိသားစုဝင်ပါ တင်းကျပ်စွာထိန်းချုပ်ခံထားရတဲ့အပေါ် ဆက်လက် တာဝန်မထမ်းဆောင်လိုတာကြောင့် အလင်းဝင်လာတာလို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိ တပ်သား ကိုထိုက်ကို ကျန်းမာရေးစစ်ဆေးပေးပြီး ကိုဗစ်ကာကွယ်ရေးအတွက် အသွားအလာ ကန့်သတ်မှု လုပ်ထားသလို ဗမာစကားပြောတတ်တဲ့ အစောင့်နှစ်ဦးနဲ့အတူထားတယ်လို့ ဆိုပါတယ်။

အဲဒီတပ်သားဟာ ၂၀၁၃ ခုနှစ်မှာ စစ်တပ်ထဲဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ တပ်ရင်း (၅၄၅) နဲ့အတူ ကိုးကန့်ဒေသ ရန်လုံကျိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့သလို အဲကနေတဆင့် ကရင်ပြည်နယ်ဘက် ရောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကမှ ကိုးကန့်ဒေသကို ပြန်လည်ရွှေ့ပြောင်းလာခဲ့တာလို့ ဖော်ပြထားပါတယ်။

MNDAA ရဲ့ထုတ်ပြန်ချက်မှာပါတဲ့ တပ်သား ကိုထိုက်ရဲ့ လက်မောင်းအမှတ်တံဆိပ်ဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) အမှတ်တံဆိပ် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ MNDAA ပြန်ကြားရေးတာဝန်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုခဲ့ပေမယ့် ဆက်သွယ်လို့မရသေးသလို စစ်ကောင်စီဘက်ကတည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ စက်တင်ဘာ ၆ ရက်နေ့အထိ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်တဲ့ စစ်သား ၁၅၀၀ နဲ့ ရဲတပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ရှိခဲ့သလို စက်တင်ဘာလ ၇ ရက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက် နှစ်ပတ်အတွင်း စစ်သားနဲ့ ရဲ ၄၅၃ ဦး ထပ်မံဆက်သွယ်လာတယ်လို့ NUG၊ ပြည်သူ့ရင်ခွင်အဖွဲ့နဲ့ Myanmar Police CDM Channel တို့က RFA ကို ဖြေဆိုထားပါတယ်။