တန့်ဆည်မှာ စစ်ကောင်စီတပ် စီးနင်းမှု ငါးရက်အတွင်း လူ ၁၁ ဦးခန့်သေဆုံး

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.08.30
တန့်ဆည်မှာ စစ်ကောင်စီတပ် စီးနင်းမှု ငါးရက်အတွင်း လူ ၁၁ ဦးခန့်သေဆုံး စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းထားတဲ့ တန့်ဆည်မြို့၊ ကပေါင်းကျရွာက ရွာသားတွေကို ၂၀၂၁ သြဂုတ် ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်း ပစ်ခတ်မှု တွေလုပ်နေတာကြောင့် အချိန်ငါးရက်အတွင်း လူ ၁၁ ဦးလောက် သေဆုံးခဲ့ရပြီး လူငါးထောင်လောက်ဟာ လည်း ကျေးရွာတွေအနီးတဝိုက်က တောတွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၉ ရက်နေ့ မနေ့က ညနေမှာတော့ လိပ်ခြံရွာကို စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ ရောက်လာပြီး လိုက်လံပစ်ခတ်တာတွေတာကြောင့် ဒေသခံ လေးယောက် သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က လေးနာရီခွဲလောက်မှာ သူတို့ဝင်လာတယ်ပေါ့နော်။ အကြောင်းမဲ့ တွေ့တဲ့သူကို အကုန်ပစ်တယ်။ ရွာထဲမှာ လူကြီးတွေ၊ တတ်နိုင်သလောက် ပြေးနိုင်သလောက် လူတွေကတော့ ပြေးကြတယ်။ ရွာထဲမှာ လူကြီးရွယ်အို ၂၇ ယောက်လောက် ကျန်နေရစ်တယ် မပြေးနိုင်တဲ့ကြီးရွယ်အိုပေါ့နော်။ အဲဒီမှာ သေတာက လေးယောက်ပေါ့နော်။ လေးယောက်ကို သားအဖ နှစ်ယောက်ရယ် ကိုမျိုးဝင်း ဆိုတဲ့ တစ်ယောက်ရယ် ပေါ့နော်။ တစ်ယောက်ကတော့ နာမည်အတိအကျ မသိသေဘူး။ အဲဒီမှာ တပ်စွဲထားတာက ညအိပ်တာ ပေါ့နော်၊ အခု ဦးညိုဦးအိမ်မှာ တပ်စွဲထားတယ် ”

လိပ်ခြံရွာစီးနင်းမှုမှာ လက်နက်ကြီးထိမှန်လို့ ဇရပ်တစ်ဆောင်လည်း ပျက်စီးခဲ့ပြီး လိပ်ခြံရွာသား နှစ်ယောက် လည်း ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က ကပေါင်းကျရွာ ဝင်ရောက်စီးနင်းခံရချိန်မှာတော့ ရွာသားတစ်ဦး သေဆုံးခဲ့သလို ပျောက်ဆုံးနေတဲ့ နောက်ထပ်ရွာသားနှစ်ဦးဖြစ်တဲ့ ကိုဟိန်းဇာနဲ့ ကိုဇော်မင်းလေး တို့ရဲ့ ရုပ်အလောင်းတွေကို လည်း သြဂုတ်လ ၂၉ ရက် မနေ့က ထပ်တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကပေါင်းကျ ရွာသားတစ်ဦးက ပြောပါတယ်။

“အခု သေတဲ့လူဆိုလို့ရှိရင် တစ်ယောက်က ဟိန်းဇာ လို့ခေါ်ပါတယ်။ တစ်ယောက်က ဇော်မင်းလေး လို့ ခေါ်ပါတယ်။ ဇော်မင်းလေးက ၄၂ နှစ်ဝန်းကျင်လောက်ပါ။ ဟိန်းဇာက ၃၂ နှစ်၊ ၃၃ နှစ် အဲဒီဝန်းကျင် အရွယ်ပါ။ တွေ့တဲ့သူ မဲမဲမြင်ရာပစ်ပါတယ်။ အရှေ့ရွာက သင်္ချိုင်းထဲမှာလည်း သုံးယောက် ပစ်သတ်ထား တယ်လို့ သတင်းရတယ်။ ဒါပေမဲ့ သွားလည်းမကြည့်ရဲတော့ ဘယ်သူဘယ်ဝါ နာမည်ကြားရတာတော့ လူမင်းရယ်၊ ကျော်နိုင်လင်းရယ် အရှေ့ရွာက ဦးမောင်ကြီးလို့ သတင်းရပါတယ်။ ဒါပေမဲ့ အဲဒီအလောင်း တွေကို သွားပြီးတော့ မကြည့်ရဲတော့ အဲဒီလူတွေနဲ့လည်း အဆက်အသွယ်ပြတ်နေတာဆိုတော့ သေချာ ပေါက် သူတို့က တွေ့တဲ့သူ ဖမ်းမိတဲ့သူ အကုန်လုံး ပစ်သတ်ပါတယ်”

သြဂုတ်လ ၂၆ ရက်နေ့ကနေ ဒီနေ့ သြဂုတ်လ ၃၀ ရက်နေ့ထိ ငါးရက်တာကလအတွင်း စစ်တပ်က ဝင်ရောက် စီးနင်းမှုကြောင့် ကပေါင်းကျရွာသား ၇ ယောက်၊ လိပ်ခြံရွာသား ၄ ယောက် စုစုပေါင်း ၁၁ ယောက် သေဆုံးခဲ့ တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

"တွေ့တဲ့သူ မဲမဲမြင်ရာပစ်ပါတယ်၊ အရှေ့ရွာက သင်္ချိုင်းထဲမှာလည်း သုံးယောက် ပစ်သတ်ထားတယ်"

စစ်ကောင်စီတပ်တွေက ဝင်ရောက်စီးနင်းနေတာကြောင့် ကပေါင်းကျ၊ လိပ်ခြံ၊ ရွာသစ်ကုန်း၊ ဇီးပေါက်၊ အိုင်လျှား၊ တပိုးရွာနဲ့ တောတိုက်လို့ခေါ်တဲ့ တောထဲက တဲစုတွေနဲ့နေတဲ့ ဒေသခံ ငါးထောင်လောက်ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ဆိုပါတယ်။

မိုးတွင်းကာလဖြစ်လို့ သွားရေးလာရေးခက်ခဲနေတဲ့အပြင် ထွက်ပြေးနေရတဲ့ဒေသခံတွေ စားနပ်ရိက္ခာ မလုံ လောက်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေး၊ ဆေးဝါး အကုန်အခက်အခဲရှိပါတယ်။ ကျမတို့ အကုန်လုံး အသက်အိုးအိမ်စွန့်ပြီး ပြေးနေ ရတာဆိုတော့ စားစရိတ်သောက်စရိတ်လည်း ဘာမှမပါပါဘူး။ အဝတ်တောင်မှ တချို့က မပါခဲ့ပါဘူး။ ဒါပေမဲ့လို့ ဖြစ်သလိုနေနေရတာပါ။ အကုန်လုံးကို လိုအပ်နေတာပါ။ မိုးကလည်းရွာ ချောင်းရေတွေက လည်းကျဆိုတော့ ကျမတို့အနေနဲ့ အားလုံးအခက်အခဲဖြစ်နေပါတယ်။ ကလေးတွေကလည်း အခုကမိုး ကလည်း ရွာနေတာဆိုတော့ ကျန်းမာရေးပျက်တဲ့သူကလည်း ပျက်နေတာဆိုတော့ တတ်နိုင်သလောက် တော့ ကူညီပေးစေချင်ပါတယ်”

tanze.jpg
(တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်ကြောင့် ထွက်ပြေးနေရတဲ့ ရွာသားတွေ ထမင်းစားနေစဥ်) Photo: CJ

တန့်ဆည်ဒေသမှာ စစ်တပ်က ဝင်စီးနင်းတာနဲ့ သေဆုံးတဲ့ကိစ္စတွေရှိနေတဲ့အပေါ် စစ်ကောင်စီရဲ့ တုံ့ပြန်မှုကို သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

တန့်ဆည်မြို့ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းကာစ အစောပိုင်းကာလတွေမှာ လူအင်အား သိန်းနဲ့ချီနေ့တိုင်း ဆန္ဒထွက်ပြခဲ့တဲ့မြို့ဖြစ်ပါတယ်။ အဲဒီနောက် စစ်ကောင်စီကို ပြန်တိုက်ခိုက်ဖို့ ဒေသခံ ခုခံကာကွယ်ရေးတပ်တွေ ဖွဲ့စည်းလာကြတဲ့အချိန်မှာတော့ ကပေါင်းကျရွာထဲမှာ ဒေသခံ ခုခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဧပြီလလယ်လောက်ကစလို့ ကပေါင်းကျရွာကို စစ်ကောင်စီက အကြိမ်ကြိမ်ဝင်ရောက်စီးနင်းခဲ့တာ အခုဆိုရင် ၇ ကြိမ်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကပေါင်းကျရွာ အနီးတဝိုက်မှာရှိတဲ့ ဒေသခံ ခုခံကာကွယ်ရေးPDF တပ်တွေဟာလည်း စစ်ကောင်စီကို ခုခံတာတွေမလုပ်ဘဲ လောလောဆယ်မှာ တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။