မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူ ၁၆ ယောက်ကို SSPP ဖမ်းဆီးထား

2020.12.07
မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသူ ၁၆ ယောက်ကို SSPP ဖမ်းဆီးထား SSPP တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်
Photo : Kan Thar / RFA

မန္တလေးတိုင်း မိုးကုတ်နဲ့ မိုင်းလုံမြို့နယ်ခွဲအတွင်း မူးယစ်ဆေးရောင်းဝယ်မှုနဲ့ နာမည်ကြီးနေသူတွေ သုံးစွဲနေသူတွေ စုစုပေါင်း ၁၆ ယောက်ကို ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA က ဖမ်းဆီးထားတယ်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူး စိုင်းသန်းအောင်က RFA ကိုပြောပါတယ်။

မိုးကုတ်မြို့နယ် ကျောက်တစ်လုံးကျေးရွာက မူးယစ်ဆေး ရောင်းဝယ်မှုနဲ့ နာမည်ကြီးနေတဲ့ အသက် ၆၀ အရွယ်အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၅ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး မိုင်းလုံမြို့နယ်ခွဲအတွင်းမှာလဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၇ရက်နေ့ ဒီနေ့မနက်ပိုင်းအထိ မိုးကုတ်မြို့နယ်နဲ့မိုင်းလုံ ဒေသတစ်ဝိုက် မူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုကြောင့် အမျိုးသား ဆယ်ဦး၊ အမျိုးသမီး ခြောက်ဦးကို ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေကိုတော့ RFA က ဆက်သွယ်လို့မရခဲ့ပါဘူး။

ဖမ်းဆီးထားတဲ့ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေသူတွေကို ပထမအကြိမ် ရောင်းဝယ်သူ ဆိုရင်ထောင် ခြောက်လ အပြစ်ပေးမှာဖြစ်ပြီး သုံးစွဲသူတွေကို မူးယစ်ဆေးဖြတ်စခန်းကို ပို့မယ်လို့ ဗိုလ်မှူး စိုင်းသန်းအောင်က ပြောပါတယ်။

ပထမအကြိမ် ရောင်းဝယ်သုံးစွဲသူတွေကို နောက်တစ်ကြိမ် ထပ်မံဖမ်းမိရင်တော့ ပြစ်ဒဏ်ထပ်တိုးပြီး ချမှတ်မယ်လို့လည်း ပြောပါတယ်။ ဒီလိုဖမ်းဆီးတာဟာ SSPP တပ်ဖွဲ့တွေ လှုပ်ရှားရာဒေသမှာ နေထိုင်တဲ့ပြည်သူတွေက မူးယစ်ဆေးဝါးကိစ္စ တိုင်ကြားတဲ့အခြေအနေပေါ်မှာ မူတည်ပြီး ဖမ်းဆီးတာဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းမှာလည်း အလားတူ ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မိုးကုတ်မြို့က SP မုန့်တိုက်ပိုင်ရှင်ကို TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခဲ့ပြီး ဖမ်းခံထားရသူဟာ ကျန်းမာရေး ကောင်းမွန်တယ်လို့ TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဒီဇင်ဘာလ ၇ရက်နေ့ ဒီကနေ့မှာ RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။