Foreign Policy မဂ္ဂဇင်းကို ပေးပို့တဲ့ ဗီဒီယို မှာ ဒေါ်အောင်ဆန်းစုကြည် ပြောတာက သူ့အနေနဲ့အခုလို စကားပြောခွင့်ရတာ အင်မတန် ဝမ်းသာကြောင်း၊ သူကိုယ်တိုင် လာရောက် ပြောဆိုခွင့်ရရင် ပိုပြီး ဝမ်းမြောက်ရမှာ ဖြစ်ကြောင်း၊ Foreign Policy မဂ္ဂဇင်းရဲ့ ကမ္ဘာ့တွေးခေါ်မှု ခေါင်းဆောင် ၁၀၀ ထဲမှာ ဖော်ပြခံရတဲ့အတွက် ဝမ်းမြောက်ကြောင်း Foreign Policy မဂ္ဂဇင်းကို သီးသန့်ပေးပို့ခဲ့တဲ့ ဗီဒီယို သတင်းပေးပို့မှုမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အဲဒီ ဗီဒီယို မိန့်ခွန်းမှာ ပြောတာက - နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး ကမ္ဘာသစ်တခု ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
နေအိမ်အကျယ်ချုပ်က လွတ်မြောက်ပြီးချင်းမှာပဲ သူ့ကိုလာရောက် နှုတ်ဆက်သူတွေ၊ ထောက်ခံ အားပေးသူတွေနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ယုံကြည်သူတွေဟာ သူနေအိမ် အကျယ်ချုပ် မကျခင် အချိန်က လုပ်ဖော်ကိုင်ဖက်တွေထက် အသက်အရွယ်အရ အများကြီး ငယ်ရွယ်သူတွေ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို အသက်အရွယ် ငယ်ရွယ်သူတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားမှု အတွက် ပူးပေါင်း ပါဝင်လာတဲ့အတွက် ဒီနေ့ ဒီမိုကရေစီရေး ကြိုးပမ်းမှုဟာ လူငယ်တွေရဲ့ လှုပ်ရှားမှုလို ဖြစ်လာတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ မြင်တွေ့ရတာက လက်ရှိလူငယ်ထုဟာ တဟုန်ထိုး ပြောင်းလဲနေတဲ့ သတင်းဆက်သွယ်ရေး နည်းပညာတွေကို သူ့ထက်ပိုပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်နေတာကို တွေ့ ရတဲ့အတွက်လည်း သူ့အနေနဲ့ အင်မတန် ဝမ်းမြောက်မိကြောင်း ပြောပါတယ်။
၂၀၁၀ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တွေးခေါ်မှု ခေါင်းဆောင် ၁၀၀ ထဲမှာ အမေရိကန် သမတ အိုဘားမား၊ အမေရိကန် အစိုးရ ငွေကြေးမူဝါဒ အကြီးအကဲ ဘန် ဘာနားကီး (Ben Bernerke) ၊ အမေရိကန် သမတဟောင်း ဘီလ် ကလင်တန် (Bill Clinton)၊ အီရန်နိုင်ငံ အစိမ်းရောင် တော်လှန်ရေးရဲ့ အထင်ကရ ခေါင်းဆောင် တဦးလည်းဖြစ် အတိုက်အခံပါတီ ခေါင်းဆောင်ရဲ့ ဇနီးဖြစ်သူ မစ္စက် ဇာရာ ရာနာဗတ် (Zahra Rahnavard ) တို့လည်း ပါဝင်ပါတယ်။