စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တလိုင်းရွာကို စစ်ကောင်စီတပ်က ဇူလိုင်လ ၂ ရက်နေ့မှာ ဝင်ရောက်စီးနင်းစဉ် ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့ဝင် ငါးဦး အသတ်ခံရပြီး၊ နေအိမ် အလုံး တစ်ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အား ခုနစ်ဆယ်လောက်ပါတဲ့ စစ်ကြောင်းက ဝင်ရောက်စီးနင်းစဉ် ကင်းချထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦးက ခုခံပစ်ခတ်ရာမှာ အင်အားမမျှဘဲ သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဓိကတော့ ကင်းချထားတဲ့ ရဲဘော်တွေကျ သွားတာပေါ့။ ကင်း ငါးယောက်ရှိတာ ငါးယောက်လုံး ကျသွားတယ်။ စစ်တပ်ကတော့ ရွာကိုလည်း မီးရှို့သွားတယ်"
ရွာကိုစီးနင်းပြီးနောက် ရွာပတ်ပတ်လည်ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။
နောက်တစ်ရက်မှာတော့ စစ်ကြောင်းဟာ သူတို့ရက်ရှည် တပ်စွဲထားတဲ့ စစ်ကိုင်းမြို့နယ် ပဒူရွာကို ပြန်ဝင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပဒူရွာမှာ မေလ ၁၉ ရက်ကတည်းက စစ်ကောင်စီတပ်က ယာယီအခြေချ တပ်စွဲထားတာကြောင့် ရွာသားတွေ ဒီနေ့ထိ အိမ်မပြန်နိုင်သေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ဇွန်လ ၂၈ ရက်နေ့ကလည်း စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့ ထိပ်တိုက်တွေ့တဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၄ ဦး အသတ်ခံခဲ့ရပါတယ်။
ဇွန်လ ၂၅ ရက်နေ့ကလည်း အင်အား ငါးဆယ်ဝန်းကျင်ရှိတဲ့ စစ်ကြောင်းဟာ ဧရာဝတီမြစ်ကမ်းဘေး၊ ကင်းတော်ရွာ အရှေ့ဘက်မှာရှိတဲ့ ယာယီ PDF စခန်းကို စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင် ၁၇ ဦးနဲ့ အရပ်သား သုံးဦးကို သတ်ဖြတ်သွားတယ်လို့ စစ်ကိုင်းမြို့နယ် PDF တပ်ဖွဲ့ ဒုတိယခေါင်းဆောင်က RFA ကို ပြောပါတယ်။
ဒါကြောင့် ဇွန်လ ၂၅ ရက်ကနေ ဇူလိုင် ၄ ရက် ဒီနေ့အထိ ကိုးရက်အတွင်းမှာ စစ်ကိုင်းတစ်မြို့နယ်တည်းကတင် PDF တပ်ဖွဲ့ဝင် ၃၆ ဦး အသတ်ခံရပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင် ၃ ရက်ထိ စာရင်းအရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ ၃၇၄၄ ဦး အသတ်ဖြတ်ခံခဲ့ရပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၄ ရက် ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ စစ်ကိုင်းတိုင်းက နေအိမ် ၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။