တာချီလိတ်မြို့မှာ ရေနှစ်ပေနီးပါး ပြန်တက်လာ
2024.10.01
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ စက်တင်ဘာ ၃၀ ရက် မနေ့ကစပြီး မယ်ဆိုင်ချောင်းရေ မြင့်တတ်လာတာကြောင့် လူနေရပ်ကွက်တွေထဲ ရေဝင်ရောက်လာပြီး နှစ်ပေခန့်ပြန်တက်လာတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။
တာချီလိတ်မြို့တွင်းက ဗိုလ်ချုပ်လမ်းမတစ်လျှောက်နဲ့ ဝမ်ကောင်းဈေးအနီး မြို့ပေါ်ရပ်ကွက် သုံးခုထက်မနည်း ရေနစ်မြုပ်နေပြီး ရေအနက်နှစ်ပေနီးပါး ဝင်ရောက်နေတာကြောင့် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ ဆိုပါတယ်။
အခုအခြေအနေအရ ရေကြီးနစ်မြုပ်မှုတွေ ဆက်ဖြစ်လာရင် ပြောင်းရွှေ့ဖို့ပြင်ဆင်နေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“မိုးကလည်း အရမ်းရွာနေတော့ ရေဆက်ကြီးလာမဲ့သဘောရှိတယ်။ ပြီးခဲ့တဲ့ရက်တုန်းက ရေကြီးတဲ့ရပ်ကွက်တွေကိုပဲ အခုရေပြန်တတ်နေတာပေါ့နော်။ ရေအရမ်းတတ်လာရင်တော့ ပြောင်းဖို့ရွှေ့ဖို့ စီစဥ်ထားပါတယ်”
မိုးရွာသွန်းမှုများနေတာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုတာတွေ ဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေကို အထုပ်အပိုးတွေ ပြင်ဆင်ထားဖို့ လူမှုကူညီရေးအဖွဲ့တွေက အသိပေးနေတယ်လို့ သူက ပြောပါတယ်။
စက်တင်ဘာလအတွင်း တာချီလိတ်မြို့မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၄ ဦးထက်မနည်းရှိပြီး ဒေသခံ တစ်သောင်းကျော် ရေဘေးဒုက္ခကြုံခဲ့ရပါတယ်။
တာချီလတ်မြို့မှာ ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ဘယ်လိုဆောင်ရွက်နေလဲဆိုတာ သိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
အောက်တိုဘာလ ၁ ရက်ကနေ ၅ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ ရေဘေးအန္တရာယ်ကြုံတွေ့နိုင်ကြောင်း စစ်ကောင်စီ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၃၀ ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ကုန်းအမြင့်မှာနေထိုင်သူတွေအနေနဲ့ မြေပြိုတဲ့အန္တရာယ်နဲ့ မြစ်၊ ချောင်းတွေအနီး နေထိုင်သူတွေအနေနဲ့ ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြုရှောင်ရှားဖို့ စစ်ကောင်စီက သတိပေးထားပါတယ်။
စစ်ကောင်စီရဲ့ စက်တင်ဘာလ ၂၇ ရက်နေ့အထိ စာရင်းတွေအရ ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုမှာ သေဆုံးသူ ၄၃၃ ဦးနဲ့ ပျောက်နေတဲ့သူ ၇၉ ဦးရှိပြီး အဆောက်အဦး ၅,၆၀၄ လုံးပျက်စီးသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။