မယ်ဆိုင်ချောင်းရေတက်လာလို့ တာချီလိတ် ဒေသခံ တစ်ထောင်ခန့် ထပ်မံရွှေ့ပြောင်းနေရ
2024.10.04
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေ ထပ်တက်လာတာကြောင့် စင်တင်ဘာ ၃ ရက်နေ့ကစပြီး ဒေသခံ တစ်ထောင်ခန့် ရေဘေးလွတ်ရာကို ထပ်မံရွှေ့ပြောင်းနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မယ်ဆိုင်ချောင်းဘေး တစ်လျှောက်မှာရှိတဲ့ တာလော့၊ ဆန်ဆိုင်း၊ မယ်ခေါင်၊ မကာအိုခမ်း၊ ပုန်းထွန် စတဲ့ရပ်ကွက်တွေမှာ နေထိုင်တဲ့ဒေသခံတွေဟာ ကုန်းမြင့်ပိုင်းတွေကို တိမ်းရှောင်နေရတာလို့ဆိုပါတယ်။
မယ်ဆိုင်ချောင်းဘေးနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ နေထိုင်သူတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ လူမှုကူညီရေးအသင်းတွေက ဘေးလွတ်ရာရှောင်တိမ်းကြဖို့ နေ့စဉ်သတိပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တာချီလိတ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စိုးရိမ်ပြီးတော့ ရွှေ့လိုက်ရတာလေ။ အရင်တစ်ခါလိုဖြစ်မှာစိုးလို့ အထဲမှာမနေကြနဲ့ အဲလိုမျိုး အပြင်ထွက်ခိုင်းတာလေ။ အရင်ရေတက်နေကျ ရပ်ကွက်တွေက လူတွေကို အပြင်ထွက်လာခိုင်းတာ။ ဌာနဆိုင်ရာကလည်း မိုက်တွေနဲ့လိုက်သတိပေးတယ်။ လူမှုကူညီရေးအသင်းတွေကလည်း ရှောင်ခိုင်းတာပေါ့"
တာချီလိတ်မြို့မှာ စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး မယ်ဆိုင်ချောင်းရေ ပြန်တက်လာတာကြောင့် ရေကြီးနစ်မြုပ်မှုအခြေအနေကို သတိထားစောင့်ကြည့်နေရတယ်လို့ သူကဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်း မောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
စက်တင်ဘာလအတွင်း တာချီလိတ်မြို့မှာ ရေကြီးမြေပြိုမှုတွေကြောင့် သေဆုံးသူ ၁၄ ဦးထက်မနည်းရှိပြီး ဒေသခံ တစ်သောင်းကျော် ရေဘေးဒုက္ခ ကြုံခဲ့ရတယ်လို့ ရေဘေးကူညီနေသူတွေက ပြောပါတယ်။
အောက်တိုဘာလ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ လေးရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမြေပြိုနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာလ ၃ ရက်နေ့မှာ သတိပေး ထုတ်ပြန်ထားပါတယ်။