တနင်္သာရီမြို့ လယ်သစ်ရွာမှာ ဒေသခံနှစ်ထောင်ကျော် ထွက်ပြေးနေရ
2023.06.01
တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာမှာ စစ်ကောင်စီတပ်က ရွာတွေထဲလက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံ နှစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဇွန်လ ၁ ရက် ဒီကနေ့ မနက်အစောပိုင်းကစပြီး တောက်လျှောက်ပစ်နေတာလို့ အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ တွဲလက်ညီညီ အဖွဲ့တာဝန်ရှိသူက RFA ကို ပြောပါတယ်။
ရွာသစ်ရွာထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ ရွာသားတစ်ဦး ကျည်ထိမှန်ခဲ့သလို၊ နေအိမ်တွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
" လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတော့ ရွာသားတွေ အကုန်ထွက်ပြေးနေရတယ်၊ နီးစပ်ရာရွာတွေက အိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ခြံတွေမှာ နေနေရတယ်၊ သူတို့အတွက် စားဝတ်နေရေး အခက်အခဲရှိတယ်"
တိုက်ပွဲဖြစ်တာမရှိဘဲ အနီးနားမှာရှိတဲ့ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ကနေ ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်နေတာလို့ တနင်္သာရီ ပကဖ တာဝန်ခံ ဗိုလ်စတားကလည်း RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့ စစ်ကောင်စီ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးယဉ်ထွေးကို RFA က ဖုန်းဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။