တနင်္သာရီမှာ တိုက်ပွဲတွေကြောင့် တစ်လအတွင်း ၁၇ ဦး သေဆုံး
2024.10.18
တနင်္သာရီတိုင်းမှာ စက်တင်ဘာလ တစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး စီးနင်းမှုတွေကြောင့် ဒေသခံ ၁၇ ဦးအထိ သေဆုံးခဲ့ပြီး လူပေါင်း ၅၉,၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ တနင်္သာရီတိုင်းအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi ရဲ့ တာဝန်ရှိသူတွေက အောက်တိုဘာလ ၁၈ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၅ နှစ်ကနေ ၆၀ ကြား အမျိုးသား ၁၂ ဦးနဲ့ အမျိုးသမီး ငါးဦး ပါဝင်တယ်လို့ FE5 Tanintharyi တာဝန်ရှိသူ ကိုကျော်က RFA ကို ပြောပါတယ်။
“တနင်္သာရီတိုင်းမှာ အရပ်သား သေဆုံးမှုက ပုံစံအမျိုးမျိုးနဲ့ ရှိတယ်။ လက်နက်ကြီးပစ်လို့ သေဆုံးတာရှိတယ်။ ဒရုန်းနဲ့ ဗုံးချလို့ သေတာရှိတယ်။ တိုက်ပွဲကြားထဲရောက်သွားလို့ သေဆုံးတာလည်း ရှိတယ်။ အဲဒီအပြင်မှာ စစ်ကြောင်းထိုး ၀င်ရောက်လာလို့ အရပ်သားတွေ ဖမ်းဆီးစစ်ဆေးပြီး ပစ်သတ်ခံခဲ့ရတာမျိုးတွေလည်း ရှိတယ်။ အဲဒီလိုအခြေအနေမျိုးတွေနဲ့ အရပ်သားတွေ သေဆုံးနေရတာကို တွေ့ရတယ်”
တနင်္သာရီ၊ ထား၀ယ်၊ ပုလောနဲ့ လောင်းလုံးမြို့နယ်က ရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ရက်ရှည်တိုက်ပွဲ ပြင်းထန်ခဲ့လို့ ထွက်ပြေးတိမ်းရှောင်ရသူတွေ များပြားခဲ့တာဖြစ်ပြီး တိုက်ပွဲငြိမ်သွားချိန် နေရပ်ပြန်တာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။
ထား၀ယ်၊ သရက်ချောင်း၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေက ဒေသတချို့မှာတော့ စစ်ကောင်စီတပ်က ဆန်၊ ရိက္ခာနဲ့ ဆေး၀ါး သယ်ယူခွင့်တွေ ဒီနေ့အထိ ကန့်သတ်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အခက်အခဲကြုံ နေရတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စက်တင်ဘာလအတွင်း တနင်္သာရီမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြားစုစုပေါင်း တိုက်ပွဲ ၇၇ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းခန့် ရှိနေပါတယ်။