တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့ကြောင်း BWM ထုတ်ပြန်

တောင်ငူမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ နေ့က ဒရုန်းနှင့်တိုက်ခိုက်ခဲ့သည့်ပုံအား Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားစဉ်။
တောင်ငူမြို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၉ နေ့က ဒရုန်းနှင့်တိုက်ခိုက်ခဲ့သည့်ပုံအား Brave Warriors for Myanmar (BWM) က ထုတ်ပြန်ထားစဉ်။ (Brave Warriors for Myanmar)

ပဲခူးတိုင်း တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို အောက်တိုဘာလ ၅ ရက်နေ့ မနက်ပိုင်းက ၁၀၇ မမ ရှော့တိုက်ဒုံး ငါးလုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာ ပဲခူးတိုင်းနဲ့ ကရင်ပြည်နယ်က တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့ စစ်ကောင်စီစခန်းတွေကို အမိန့်ပေးကွပ်ကဲနေတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အပြင် တိုက်ခိုက်ရေးမှာ သုံးဖို့ လတ်တလော ဒရုန်းအစင်း တစ်ရာလောက် ရောက်နေတယ်ဆိုတာ ကြားသိရအတွက် BWM နဲ့ မဟာမိတ်အဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် အရာရှိ လေးဦး ဒဏ်ရာရှိခဲ့တဲ့အပြင် အဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေကို တိုက်ခိုက်ပြီး အင်အားချိနဲ့စေတာဟာ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေကိုလည်း အလိုအလျောက် အင်အားချိနဲ့စေတဲ့အတွက် တိုင်းစစ်ဌာနချုပ်တွေကို လေတပ်စခန်းတွေလို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

Brave Warriors for Myanmar (BWM) ဦးဆောင်ပြီး NSA31 မြို့ပြပျောက်ကျားအဖွဲ့နဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုဟာ BWM နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့တွေရဲ့ ၂၃ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်ပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ပထမဆုံးအကြိမ် တိုက်ခိုက်တာ ဖြစ်ပါတယ်။

BWM နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ်တိုက်ခဲ့သလို စက်တင်ဘာလ ၃ ရက်နဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာလည်း ရှေ့တိုက်ဒုံးတွေနဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။