တောင်ငူမှာ ရေကြီးတာကြောင့် လူခြောက်ရာဝန်းကျင် ထပ်မံရွှေ့ပြောင်း
2024.10.03
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ မိုးများပြီး စစ်တောင်းမြစ်ရေတက်တာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးပြီး လူခြောက်ရာဝန်းကျင် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ အကူအညီပေးနေသူတွေက အောက်တိုဘာလ ၃ ရက်နေ့က ပြောပါတယ်။
မိုးများပြီးရေတက်တာကြောင့် အနိမ့်ပိုင်းကလူတွေ ရွှေ့ပြောင်းရတာတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
"မြစ်ရေက တက်လာတယ်။ မိုးများလို့ပါ။ အရမ်းကြီးစိုးရိမ်စရာတော့ မရှိဘူး။ ခြောက်ရက်နေ့လောက်အထိတော့ ရေတက်နိုင်ပြီး ရေပြန်ကျမှာပါ။ အဓိက အနိမ့်ပိုင်းတွေ ရေတက်တာပါ။ ပုံမှန်ရေကြီးနေတဲ့နေရာတွေ ရေတက်တာပါ။ ရွာဘက်တွေမှာ ပြောင်းရွှေ့တာမျိုး မရှိပေမဲ့ မြို့တွင်းက အနိမ့်ပိုင်းတွေတော့ ပြောင်းရွှေ့ကြတယ်လေ၊ လက်ရှိ စခန်းနှစ်ခု လူခြောက်ရာလောက်တော့ရှိတယ်"
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေအမှတ် ၁၉ ပေခွဲအထက် ခြောက်လက်မလောက် ပိုများနေပြီး နောက်ရက်မှာလည်း သုံးလက်မလောက် ထပ်ပြီး တက်နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၃ ရက်နေ့ညမှာ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲက ရာဂီမုန်တိုင်းအရှိန်ကြောင့် တောင်ငူမြို့မှာ ရေကြီးရေလျှံတာတွေဖြစ်ခဲ့ပြီး ကျေးရွာပေါင်း လေးဆယ်နီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ တောင်ငူလူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။
တောင်ငူမှာ ကူညီနေတဲ့ လူမှုကူညီရေးအဖွဲ့တွေရဲ့ စာရင်းအရ အဲဒီရွာတွေက လူဦးရေ ရှစ်သောင်းကျော် (၈၃၆၆၅ ဦး) ရေဘေးသင့်ခဲ့ပြီး တောင်ငူမြို့ပေါ်က ရေဘေးဒုက္ခသည်စခန်း ၁၉ ခု ဖွင့်လှစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ရာဂီမုန်တိုင်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေမှာ စိုက်ပျိုးဧက ကိုးသိန်းနီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ စစ်ကောင်စီက အောက်တိုဘာလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းထိ ရရှိတဲ့ စာရင်းတွေအရ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၄၃၆ ဦးရှိလာပြီး ရေစီးနဲ့ မျောပါပျောက်ဆုံးနေသူ ၆၆ ဦးနဲ့ တိရစ္ဆာန် တစ်သိန်းရှစ်သောင်းကျော် (၁၈၁,၄၉၁ ဦး) သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။