တောင်ငူမှာ တိုက်ပွဲကြောင့် ဒေသခံ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး
2024.11.09
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အိုင်ဇောက်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာကြောင့် အိုင်ဇောက်ရွာ အပါအ၀င် ရွာငါးရွာက ဒေသခံ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်မနေ့က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ အိုင်ဇောက်ရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့မှာလည်း ဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။
ဒါ့ကြောင့် အိုင်ဇောက်၊ ကမ်းနီ၊ ကရင်နီကုန်း၊ သက်ကယ်ချင်း၊ ညောင်စခန်းနဲ့ ကွမ်းသီးပင် စတဲ့ရွာတွေက ဒေသခံတွေ တွေဟာ တောင်ငူမြို့ပေါ်နဲ့ တိုက်ပွဲနဲ့ဝေးတဲ့ တခြားရွာတွေကို ထွက်ပြေးကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။
"တိုက်ပွဲက မနေ့ကရော၊ ဒီနေ့ရော ဆက်ဖြစ်နေတယ်။ ရွာတွေက ပြေးလာတဲ့ စစ်ဘေးရှောင်တွေက တချို့က ဘေးလွတ်တဲ့ရွာတွေမှာ ပြေးကြတယ်။ လူ ငါးရာကျော်လောက်ကတော့ တောင်ငူမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်။ ပြေးလာတဲ့အချိန်မှာ ဘာမှမပါလာကြဘူး။ လမ်းလျှောက်ပြီး ပြေးလာကြရတာဆိုတော့ နေထိုင်စားသောက်ရေးတွေ လိုအပ်နေတာပေါ့။ အင်္ကျီအ၀တ်အစားတွေလည်း လိုတယ်”
အိုင်ဇောက်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ တောင်ငူလေတပ်ကနေ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာလ ၈ ရက်မနေ့က စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကွမ်းသီးပင်ရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
တောင်ငူမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရေကြီးနစ်မြုပ်မှုတွေကြောင့် အနည်းဆုံး လူရှစ်သောင်းကျော် ရေဘေးဒုက္ခကြုံခဲ့ရပြီးနောက် အခုတစ်ခါ စစ်ဘေးပါ ထပ်ကြုံနေရတာ ဖြစ်ပါတယ်။