တောင်ငူမြို့က စစ်ဘေးဒုက္ခသည် လေးထောင်ခန့် အကူအညီလိုနေ
2024.11.11
ပဲခူးတိုင်း၊ တောင်ငူမြို့မှာ နှစ်ဖက်တိုက်ပွဲကြောင့် နိုဝင်ဘာ ၈ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် လေးထောင်ခန့်ဟာ စားနပ်ရိက္ခာမလုံလောက်မှုဖြစ်နေပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။
တောင်ငူမြို့အနီးက ကွမ်းသီးပင်၊ အိုင်ဇောက်၊ သက်ကယ်ချင်း၊ ကမ်းနီ ၊ ကရင်နီကုန်း၊ ရုံမင်းအိုင်နဲ့ ညောင်စခန်း စတဲ့ရွာက ဒေသခံတွေဟာ နှစ်ဖက်က်တိုက်ပွဲကြောင့် မြို့ပေါ်က နီးစပ်ရာ ဘုန်းကြီးကျောင်းနဲ့ အသိမိတ်ဆွေရှိရာ ကို ထွက်ပြေး တိမ်းရှောင်လာကြတာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဲဒီ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ မလုံလောက်မှုအပြင် အဝတ်အထည်ပါ လိုအပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် အကူအညီပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။
“စားဝတ်နေရေး အခက်အခဲတွေ များတယ်။ နောက် အေးလာပြီဆိုတော့ နေရေးထိုင်ရေးတွေ လိုတာပေါ့နော်။ လိုအပ်ချက်ကတော့ အကုန်ပါပဲ။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးတို့၊ အဝတ်အထည်တွေ အကုန်လုံးလိုတာပေါ့။ ဘာမှ မပါတာ။ နေထိုင်စားသောက်တာကတော့ အဆင်ပြေသလို နေထိုင်စားသောက်ကြတာရှိသလို ရောက်တဲ့နေရာမှာ ချက်ပြုတ်စား သောက်တာရှိသလိုပဲ နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာတွေက ကျွေးတာတွေလည်း ရှိတာပေါ့”
အဲဒီကျေးရွာတွေမှာ တိုက်ပွဲမဖြစ်တော့ပေမဲ့ စစ်ကောင်စီဘက်က အဝင်အထွက်လမ်းကြောင်းတွေ ဖြတ်တောက်ထားတာကြောင့် စစ်ဘေးဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်ကြသေးဘူးလို့ သူက ပြောပါတယ်။
တောင်ငူမြို့က ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေကတော့ စစ်ဘေးဒုက္ခသည်တွေကို လက်ရှိမှာ အကူအညီ ပေးနေတာရှိပေမဲ့ ရေရှည်ဆိုရင် ပိုပြီးခက်ခဲလာနိုင်တယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က အောက်တိုဘာ ၁၁ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ အစည်းအဝေးရှိနေတာကြောင့် လက်တလောမဖြေနိုင် သေးဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က တောင်ငူမြို့နယ်၊ အိုင်ဇောက်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ကွမ်းသီးပင်ရွာက နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ လေးဦး ဒဏ်ရာရသွားပါတယ်။