တောင်သာမြို့တွင်းကို PDF ဝင်ရောက်တိုက်ခိုက်
2025.01.14

မန္တလေးတိုင်း တောင်သာမြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ် အထိုင်ချနေရာတွေကို ဇန်နဝါရီ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။
တောင်သာမြို့လယ်က အမှတ် (၁) အထက်တန်းကျောင်းမှာ စစ်ကောင်စီတပ်သား အင်အား နှစ်ဆယ်ခန့် တပ်စွဲထားတဲ့နေရာ၊ မြို့တော်ခန်းမရှေ့နဲ့ အင်းဝဘဏ်ရှေ့က ကင်းစောင့်နေတဲ့ စစ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီ့အပြင် တောင်သာမြို့ရဲ့အနောက်ဘက် တောင်သာ-ဇဂျမ်းလမ်းပေါ်က စစ်ဆေးရေးဂိတ်နဲ့ စစ်ကောင်စီတပ် တပ်စွဲထားတဲ့ စွပ်ကျယ်စက်ရုံနေရာတွေကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အထက်တန်းကျောင်း နေရာကတော့ တောင်သာမြို့လယ်မှာ တည်ရှိတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောင်းမှာ တပ်စွဲထားတဲ့အဖွဲ့ကို ဝင်တိုက်တာ၊ ကျောင်းက တောင်သာမြို့အလယ်ကောင် မကျ တကျလေးပေါ့လေ။ အဲဒီမှာ ရှိတာ”
တိုက်ပွဲဖြစ်ချိန် ကျောင်းသားကျောင်းသူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ဆယ်ဦးခန့် သေဆုံးတယ်လို့ ပြောဆိုကြပြီး သေဆုံးတဲ့အရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းတဲ့ခါ သူ့အနေနဲ့ “ဘာမှ ပြောစရာမရှိပါဘူး”လို့ အကြောင်းပြန်ပါတယ်။
၂၀၂၄ ခုနှစ် သြဂုတ်လမှာ “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး”အဖြစ် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်ချိန်ကစလို့ အဲဒီဒေသတွေမှာ တိုက်ပွဲပြင်းထန်လာတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ကလည်း ရပ်ရွာတွေထဲနဲ့ PDF တွေ ရှိနေတယ်လို့ ယူဆဲ့နေရာတွေကို လေကြောင်းနဲ့ လက်နက်ကြီးသုံးပြီး မကြာခဏ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။