တိုက်ပွဲကြောင့် တောင်ကုတ်မြို့က လူနှစ်သောင်းခန့် နေရပ်စွန့်ခွာ

RFA Burmese
2024.11.10
တိုက်ပွဲကြောင့် တောင်ကုတ်မြို့က လူနှစ်သောင်းခန့် နေရပ်စွန့်ခွာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကံဆိပ်ရွာကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က လေကြောင်းနှင့် ဗုံးကြဲခံရအပြီး တွေ့ရစဥ်။ (ပုံအဟောင်း)
Citizen Photo

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာတာကြောင့် လူနှစ်သောင်းခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီလို့ တောင်ကုတ်မြို့ခံတွေက RFA ကို နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မှာ ပြောပါတယ်။

သူတို့ဟာ ရမ်းဗြဲမြို့နယ်ဘက်ကို စက်လှေတွေနဲ့ ထွက်ပြေးကြတာရှိသလို တောင်ကုတ်ကနေ ပဲခူးတိုင်းဘက်ကို တောလမ်းတွေကတစ်ဆင့် နေရပ်စွန့်ခွာကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံ တစ်ဦးကတော့ မြို့ပေါ် လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်သာ ကျန်တော့ပြီး နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မှာလည်း နေရပ်စွန့်ခွာမှုတွေ ဆက်ပြီးရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“ဒီနေ့မနက်လည်း ရမ်းဗြဲဘက်ကို စက်လှေတွေနဲ့ ထွက်နေကြတယ်။ စက်လှေခက ရမ်းဗြဲဘက်ဆို တစ်ယောက်တစ်သိန်း ပေးရတယ်။ တောင်ကုတ်ကနေ ပဲခူးဘက် ခြေလျင်နဲ့ဆို မိသားစုတစ်စုကို လမ်းပြခအဖြစ် ခုနစ်သိန်းလောက် ပေးရတယ်။ မြို့ပေါ်မှာက သွားလာဖို့ ငွေကြေးမတက်နိုင်သူတွေနဲ့ တခြားဒေသမှာ အသိမိတ်ဆွေ မရှိသူတွေလောက်ပဲ ကျန်တော့တာ”

နိုဝင်ဘာ ၉ ရက်မနေ့ညက တောင်ကုတ် ကိုင်းရှည်တံတားအနီးမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ဒီ့အပြင် တောင်ကုတ် တက္ကသိုလ်အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး အာရက္ခတပ်တော် (AA) က မြို့အနီးနား ရောက်လာပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း မြို့အပြင်က အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ဘက်နဲ့ မြို့ထဲက တပ်စခန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် တောင်ကုတ်မြို့နယ်မှာ အရပ်သား နှစ်ဆယ်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ အမ်းမြို့ အပါအဝင် တောင်ကုတ်နဲ့ မောင်တောမြို့တွေမှာ AA နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။