RFA မြန်မာဌာန ရုပ်သံဗီဒီယိုဆု နှစ်ဆုရရှိ
2023.05.23
၂ဝ၂၃ ခုနှစ်အတွက် ကဏ္ဍပေါင်းစုံက အကောင်းဆုံးရုပ်သံဗီဒီယိုတွေကို နှစ်စဉ်ရွေးချယ်ချီးမြှင့်နေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့အခြေစိုက် The Telly Awards က ပေးအပ်တဲ့ ဆုနှစ်ဆုကို လွတ်လပ်တဲ့အာရှအသံ RFA မြန်မာပိုင်းအစီအစဉ်က ရရှိခဲ့ပါတယ်။
၂၀၂၂ ခုနှစ် မေလ ၁၉ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ “ခေတ်စနစ် အပြောင်းအလဲကြား ရုန်းကန်နေရတဲ့ ရန်ကုန်မြို့က လက်နှိပ်စက်ဆရာ" ရုပ်သံဗီဒီယိုက ငွေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ နှစ်ပေါင်း ၄ဝ ကျော်တဲ့အထိ ရှေးဟောင်းလက်နှိပ်စက်တစ်လုံးနဲ့ စာစီစာရိုက်ရင်း အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် လက်နှိပ်စက်ဆရာ ဦးအောင်မြင့် အကြောင်း ရိုက်ကူးထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
ကြေးတံဆိပ်ဆုအတွက် "သေနတ်ပြောင်းဝအောက်က မြန်မာပြည်" အထူးဆောင်းပါးထဲက ဗီဒီယိုတွေနဲ့ ရရှိခဲ့တာပါ။
စစ်အာဏာသိမ်း နှစ်နှစ်ပြည့်အဖြစ် ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ “သေနတ်ပြောင်းဝအောက်က မြန်မာပြည်” ခေါင်းစဉ်နဲ့ RFA အထူးအစီအစဉ်အဖြစ် အာဏာသိမ်းစစ်တပ်အကြောင်း အပါအဝင် အာဏာသိမ်းမှုကြောင့် ကဏ္ဍပေါင်းစုံက ပြည်သူတွေအပေါ် သက်ရောက်မှုတွေကို တင်ပြခဲ့ပါတယ်။
အဲဒီအထူးအစီအစဉ်မှာ "တိုက်ပွဲကြားက သတင်းသမား၊ ရန်ကုန်က ပလုံကောက်မိသားစု၊ မီးလောင်ပြာပုံကြားက ဒုက္ခသည်၊ လက်လုပ်သေနတ်နဲ့ တော်လှန်ရေး၊ နှစ်ဆတိုးလာတဲ့ ဘိန်းထုတ်လုပ်မှု" ဆိုတဲ့အမည်တွေနဲ့ တင်ပြခဲ့တဲ့ သတင်းဗီဒီယိုတွေအတွက် ကြေးတံဆိပ်ဆု ရရှိခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာ သိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် နေ့စဉ်လူနေမှုဘဝတွေ ထိခိုက်ပြီး ဆင်းရဲမွဲတေမှုနှုန်းလည်း တိုးလာနေပါတယ်။ သတင်းမီဒီယာတွေကို ဖိနှိပ်ပြီး တစ်နိုင်ငံလုံး သတင်းအမှောင်ချထားတဲ့ တစ်ချိန်တည်းမှာပဲ စစ်ကောင်စီဟာ အာဏာဆက်ပြီး ချုပ်ကိုင်နိုင်ဖို့အတွက် သူ့ကိုဆန့်ကျင်တိုက်ခိုက်တဲ့ ကျေးလက်ဒေသတွေမှာ မြေလှန်မီးရှို့စနစ် ကျင့်သုံးနေပါတယ်။
ဒီနှစ်အတွက် ပြိုင်ပွဲဝင် ရုပ်သံနဲ့ဗီဒီယိုပေါင်း ၁၂ဝဝဝ ကျော်ထဲကနေ Telly Awards က ချီးမြှင့်တဲ့ ဆုနှစ်ဆုကို RFA မြန်မာပိုင်းက ရရှိခဲ့တာဖြစ်ပါတယ်။
ဆုရဗီဒီယိုတွေကို အောက်က လင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
https://youtu.be/6Dt6EnBk7-4
https://www.rfa.org/burmese/special/junta-two-years/video.html