သပိတ်ကျင်းမှာ ဒေသခံ ရှစ်ဆယ်ကျော်ထိန်းသိမ်းခံထားရပြီး လူနှစ်ထောင်ခန့် ထွက်ပြေးနေရ
2023.07.28
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာမှာ ဒေသခံ ရှစ်ဆယ်ကျော်ကို စစ်ကောင်စီ စစ်ကြောင်းက ထိန်းသိမ်းထားပြီး ရွာနှစ်ရွာက ဒေသခံနှစ်ထောင်ခန့် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့က ဆယ်ဇင်းကုန်းရွာထဲကို အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာ ချိန် ထွက်မပြေးဘဲ ကျန်ရစ်ခဲ့ကြတဲ့ အမျိုးသမီး၊ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုအများစုကို ရွာထဲကဘုန်းကြီးကျောင်းမှာ ဇူလိုင် ၂၈ ရက် ဒီနေ့အထိ ထိန်းသိမ်းခံထားရပြီး လက်ကိုင်ဖုန်းတွေလည်း သိမ်းဆည်းခံထားရတယ်လို့ ဆိုပါတယ်။
မနေ့ညပိုင်းမှာလည်း ဆယ်ဇင်းကုန်းရွာထဲက နေအိမ်တချို့ မီးရှို့ခံရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆယ်ဇင်းကုန်းရွာဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့ညနေက ရှို့တာ တစ်အိမ်ရှိတယ်လေ။ ဆိုင်ကြီး စျေးဆိုင်ကြီး။ ညပိုင်းမှာတော့ တစ်အိမ်လား၊ နှစ်အိမ်လား မသိဘူး အရှို့ခံရတာ။ တောထဲကနေ မြင်နေရတာ”
ဒါ့အပြင် စစ်ကြောင်းဝင်ရောက်လာတဲ့ ဇူလိုင် ၂၆ ရက်နေ့ကတည်းက ဆယ်ဇင်းကုန်းရွာနဲ့ အနီးမှာရှိတဲ့ လက်ပံကုန်းရွာက ဒေသခံ နှစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာထွက်ပြေး နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဆယ်ဇင်းကုန်းရွာမှာ နေအိမ် လေးရာဝန်းကျင်ရှိပြီး လက်ပံကုန်းရွာမှာ နေအိမ် သုံးရာ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၂၈ ရက် ဒီနေ့ညနေပိုင်းအချိန်အထိ ဆယ်ဇင်းကုန်းရွာ မှာ ဆက်လက်တပ်စွဲထားတယ်လို့ ဆိုပါတယ်။
ဒေသခံတွေ ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်၊ မတ်လမှာလည်း မတ္တရာမြို့နယ်ထဲကို စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် မြွေပုသိမ်၊ မြွေကြည်ကုန်း၊ မြွေကူးတို့ဆိပ်၊ မြွေရွှေခဲ၊ ပိုဝ (မြောက်)၊ စိန်ပန်းကုန်း၊ မြွေခလ၊ မြွေရေယာဉ်နဲ့ မြွေတလိုင်းရွာ က နေအိမ်တချို့ မီးရှို့ခံခဲ့ရသလို ဒေသခံတွေလည်း ထွက်ပြေးခဲ့ရတယ်လို့ ထွက်ပြေးနေရသူတွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁ ဒသမ ၆ သန်း နီးပါး ရှိလာပါတယ်။