သပိတ်ကျင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံး
2024.07.30
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲတာကြောင့် အရပ်သားတွေ ထိမှန်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ပြည်သူတွေ ရှိကြတယ်ဗျ၊ ထိခိုက်ပျက်စီးမှုက ဘုန်းကြီးကျောင်းမှာ ၁၂၀ ကျတာပေါ့နော်၊ စာသင်ကျောင်းပျက်စီးတယ်၊ လူနေအိမ် ခုနစ်လုံး၊ ရှစ်လုံးလောက် လုံးဝပျက်စီးတယ်ဗျ၊ ထိခိုက်ဒဏ်ရာရတာက ငါးယောက်ပေါ့နော်"
သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီက ဖုန်းလိုင်းနဲ့ အင်တာနတ်လိုင်းတွေဖြတ်တောက်ထားတာကြောင့် အခက်အခဲဖြစ်နေပြီး နေရာတချို့မှာသာ ဖုန်းလိုင်းရပြီး အင်တာနတ်သုံးလို့ မရဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
သပိတ်ကျင်းမြို့နယ်ရှိ တကောင်းတောင်ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ ရဲကင်းစခန်းကို ဇူလိုင်လ ၂၇ ရက်နေ့က သိမ်းယူခဲ့သလို အင်းနက်ရွာအနီး တာဝါတိုင်ကုန်း စခန်းကို ဇူလုင်လ ၂၁ ရက်နေ့တွေက သိမ်းယူနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အလားတူ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာက ရဲစခန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဇူလိုင် ၂၅ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။