မလေးရှားသွားမဲ့ ရိုဟင်ဂျာ ရှစ်ဆယ်ကျော် ထိုင်းမှာ ဖမ်းဆီးခံရ
2024.12.12
ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ၈၄ ဦးကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
သူတို့ဟာ ရခိုင်ပြည်နယ်ကနေ ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ် အဲဒီကတစ်ဆင့် ထိုင်းနိုင်ငံထဲကိုဖြတ်ပြီး မလေးရှားနိုင်ငံအထိ ခရီးရှည်ထွက်လာစဥ် လမ်းခုလတ်မှာ ဖမ်းဆီးခံလိုက်ရတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတင်းရလို့ ကွင်းဆင်းစစ်ဆေးတဲ့အခါ တောစပ်တစ်နေရာမှာ ရိုဟင်ဂျာ ၈၄ ဦးကို ဖမ်းမိတယ်။ မိသားစုလိုက်တွေလည်း ပါတယ်။ သူတို့ကို စစ်မေးတဲ့အခါမှာ မလေးရှားနိုင်ငံအထိကို ခရီးရှည်သွားကြမဲ့သူတွေ ဖြစ်တယ်။ လူပွဲစားကို တစ်ဦးကို ဘတ် ခုနစ်သောင်းခွဲအထိ ပေးပြီးတော့ ရခိုင်ပြည်နယ်ကနေ လာခဲ့ကြတယ်လို့ သိရတယ်”
ဖမ်းဆီးခံထားရသူတွေကို ကန်ချနဘူရီခရိုင် ထောင်ပါဘူရဲစခန်းမှာ ထိန်းသိမ်းထားပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူကုန်ကူးမှုတွေနဲ့ အရေးယူခံရနိုင်တယ်လို့ သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေတာပါ။
နိုဝင်ဘာ ၁၇ ရက်နေ့ကလည်း မလေးရှားနိုင်ငံအထိ သွားဖို့အတွက် ထိုင်းနိုင်ငံထဲ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူ မြန်မာ ၁၈ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
နိုဝင်ဘာထဲမှာပဲ မြန်မာနိုင်ငံကလို့ယူဆရတဲ့ ရိုဟင်ဂျာ ခုနစ်ဆယ် ထိုင်းနိုင်ငံတောင်ပိုင်းက ကျွန်းတစ်ခုပေါ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ အောက်တိုဘာအထိ ဆယ်လအတွင်း မြန်မာ ၅၄၄၉ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ တနင်္သာရီအခြေစိုက် သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ထားပါတယ်။