ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမွတ်ဝီနိုင်းက အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေကို ဇူလိုင်လ ၁၁ ရက် အင်္ဂါနေ့က ပြောဆိုခဲ့တဲ့အကြောင်း ဂျပန်သတင်းဌာန ကျိုဒိုက အာဆီယံ သံတမန် သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဒီနေ့ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် တွေ့ဆုံ ဆွေးနွေးရေးကို ထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်လို့လည်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

"သူက ဆွေးနွေးပွဲတွေကို ထောက်ခံပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း မြန်မာ့အရေးကို ပြေလည်မှုရအောင် နည်းလမ်းရှာဖို့ ကြိုးစားနေပါတယ်" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းမွန်နေပြီး သူနဲ့ တစ်နာရီကြာအောင် ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်ကစပြီး ပြုလုပ်နေတာပါ။

ဒီကနေ့ ဇူလိုင် ၁၂ ရက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အစည်းအဝေး ဒုတိယနေ့မှာတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ဆီက ယူလာတဲ့ သတင်းစကားကို ဖတ်ကြားနိုင်တယ်လို့ ကျိုဒိုသတင်းက ရေးသားထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇူလိုင်လ ၉ ရက်က နေပြည်တော်ကို တိတ်တဆိတ် လာရောက်ခဲ့တာဖြစ်ပါတယ်။

ဒွန် ပရာမွတ်ဝီနိုင်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရတဲ့ ပထမဆုံးပြည်ပ အဆင့်မြင့် ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက စွပ်စွဲထားတဲ့ အမှု ၁၉ ခုအတွက် နေပြည်တော်အချုပ်ထောင်ထဲက သီးသန့်အဆောက်အအုံတစ်ခုမှာ ထောင်ဒဏ် ၃၃ နှစ် ကျခံနေရပါတယ်။