မြန်မာနိုင်ငံအရေးအတွက် ဇွန်လ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ထိုင်းနိုင်ငံကို လာရောက်ပြီး မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ အလွတ်သဘောဆွေးနွေးဖို့ ထိုင်းအစိုးရရဲ့ဖိတ်ကြားမှုကို အဓိကကျတဲ့ အရှေ့တောင်အာရှနိုင်ငံတွေက ငြင်းဆိုလိုက်တယ်လို့ ဒီနေ့ထုတ် ရိုက်တာစ်သတင်းမှာ ရေးသားထားပါတယ်။ ကမ္ဘောဒီးယား တစ်နိုင်ငံထဲကသာ အစည်းအဝေးတက်မယ်လို့ ထုတ်ပြန်ခဲ့ပြီး လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံတို့က ထိုင်းနိုင်ငံရဲ့ ဖိတ်ကြားချက်ကို ငြင်းဆိုလိုက်ပါတယ်။ ထိပ်သီးအစည်းအဝေးအဆင့်မှာရော၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတွေမှာတောင် မြန်မာစစ်ကောင်စီနဲ့ စကားပြောပြီး ပြန်လည်ထိတွေဖို့ အချိန်မတန်သေးပါဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့ကလည်း ထိုင်းဝန်ကြီးချုပ်ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲကို မတက်ဘူးလို့ အကြောင်းပြန်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ ဆွေးနွေးပွဲစတင်မယ့် ဒီနေ့ ဇွန်လ ၁၈ ရက်မနက်ထိ အကြောင်းမပြန်ဘူးလို့ ဆိုပါတယ်။ မြန်မာစစ်ကောင်စီကို ရိုက်တာစ်သတင်းဌာနက ဆက်သွယ်လို့မရဘူးလို့လည်း သတင်းမှာ ပါရှိပါတယ်။
အာဏာသိမ်းစစ်တပ်အနေနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ ဆက်နွယ်နေတဲ့ အတိုက်အခံတွေနဲ့ ဆွေးနွေးပွဲတွေ စတင်ရေး အာဆီယံရဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာကြောင့် မြန်မာဗိုလ်ချုပ်တွေကို အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ အကြီးတန်း အဆင့် အစည်းအဝေးတွေတက်ရောက်ခွင့် ပိတ်ပင်ထားတာ နှစ်နှစ်နီးပါးရှိပြီဖြစ်ပါတယ်။