ထိုင်း မြေအောက်ရထားလမ်း မြေပြိုမှု ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အလောင်းပြန်တွေ့

RFA Burmese
2024.08.30
ထိုင်း မြေအောက်ရထားလမ်း မြေပြိုမှု ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အလောင်းပြန်တွေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်ခရိုင် ကရွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုကျမှုကြောင့် ပျက်စီးသွားသည့် လမ်းတစ်လမ်းအား တွေ့ရစဉ်။
Citizen Photo

ထိုင်းနိုင်ငံအရှေ့တောင်ပိုင်း၊ အီဆန်ဒေသ၊ နခွန်ရတ်ချ်စီမားခရိုင်မှာ ဆောက်လက်စ မြေအောက်ရထားလမ်း ပြိုကျရာမှာ ပိတ်မိနေသူသုံးဦးရဲ့ ရုပ်အလောင်းတွေကို သြဂုတ်လ ၂၉ ရက်နေ့က ပြန်ရှာတွေ့တယ်လို့ အဲဒီအခြေအနေကိုသိတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးက RFA ကို အတည်ပြုပါတယ်။

သြဂုတ် ၂၄ ရက်နေ့ ညပိုင်းမှာ လုပ်ငန်းခွင် မြေပြိုကျပြီး ထရပ်ကားမောင်းတဲ့ မြန်မာနိုင်ငံသားတစ်ဦးနဲ့ တရုတ်နိုင်ငံသား နှစ်ဦးတို့ ပိတ်မိခဲ့တာပါ။

အလောင်းပြန်ရတဲ့ အသက် ၃၀ ကျော်အရွယ် မြန်မာနိုင်ငံသား သြဂုတ် ၂၉ ရက်နေ့က ထိုင်းစံတော်ချိန် မနက် ၁၁ နာရီနဲ့ တရုတ်နိုင်ငံသား နှစ်ဦးကိုတော့ ည ခုနစ်နာရီကျော်မှာ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

ရုပ်အလောင်းတွေဟာ ကိုင်တွယ်လို့မရအောင် ပျက်စီးနေပြီး ထိုင်းအာဏာပိုင်တွေဘက်က ရဟတ်ယာဥ်နဲ့ ခေါ်ယူသွားတယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတစ်ဦးက RFA ကို ပြောပါတယ်။

“မြေပြိုပြီးကတည်းက ညတွင်းချင်းပဲ ကယ်ဆယ်ရေး လုပ်တယ်။ မြေတွေတူးပြီးရှာပေမဲ့ မြေက တူးလေ ပြိုကျလေ ဖြစ်နေလို့ ခဏရပ်ထားရတယ်။ မြန်မာနိုင်ငံသား နာမည်ကတော့ ကိုအရှည်ကြီးလို့ ခေါ်တယ်။ အကုန်လုံးက မြေပိပြီးဆုံးကြတာ မဟုတ်ဘူးဗျ။ အသက်ရှုကျပ်ပြီး ဆုံးကြတာ”

သေဆုံးသွားသူတွေရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီအမြန်ရထားလမ်းမှာ စီမံကိန်းဟာ ဘန်ကောက် - နခွန်ရတ်ချ်စီမားခရိုင်ကို သွယ်တန်းထားပြီး နောက်ပိုင်း တရုတ်နိုင်ငံအထိပါ တိုးချဲ့နိုင်ရေးရည်ရွယ်ပြီး ထိုင်းနဲ့တရုတ်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။