Updated 6:15 PM, Oct 1, 2024
ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်ထဲမှာ ထိုင်းကျောင်းသူကျောင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး အောက်တိုဘာ ၁ ရက် နေ့လယ်က မီးလောင်ပေါက်ကွဲခဲ့တာကြောင့် ၂၅ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်ပါတယ်။
ပထုံဌာနီခရိုင် ဝပ်ခေါင်ဖရာ စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားဟာ အယုဒ္ဓယမြို့ကို ဦးတည်သွားနေစဥ် ကားရှေ့ဘက် တာယာတစ်လုံး ပေါက်ကွဲသွားပြီးနောက် အရှိန်မထိန်းနိုင်ဘဲ သတ္တုအတားအဆီးတွေကို တိုက်မိပြီး မီးလောင်ပေါက်ကွဲခဲ့တာလို့ The Nation သတင်းက ဖော်ပြပါတယ်။
အဲဒီဘတ်စ်ကားပေါ်မှာ ကျောင်းသူကျောင်းသားနဲ့ ဆရာဆရာမ စုစုပေါင်း ၄၄ ဦး လိုက်ပါလာပြီး ၂၅ ဦး ကားပေါ်မှာပိတ်မိကာ သေဆုံးခဲ့ကြောင်း၊ ၁၉ ဦးက ကားအပြင်ကို ထွက်လာနိုင်ခဲ့ပြီး ဆယ်ဦးထက်မနည်းက ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ကားပေါ် လိုက်ပါလာတဲ့ ကျောင်းသားတွေဟာ မူလတန်းကျောင်းသားတွေဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ကတော့ မိခင်တစ်ဦးအနေနဲ့ မိသားစုတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။