ဒုက္ခသည် ၆ဝဝ ကျော် မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ကြောင်း ထိုင်းအာဏာပိုင်ပြော

ကရင်ပြည်နယ်အတွင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား ဖြစ်ပွား နေတဲ့ တိုက်ပွဲတွေကြောင့် နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးခိုလှုံလာကြတဲ့ ဒုက္ခသည်တွေ ထဲက လူ ခြောက်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တယ်လို့ Reuters သတင်းမှာ မနေ့ကဖော်ပြပါတယ်။

မနေ့က တနင်္ဂနွေနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ထိုင်းအရာရှိရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Reuters သတင်းကရေးပါတယ်။ ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း တာ့ခ်ခရိုင်အတွင်းကို မြန်မာဒုက္ခသည်တွေ ရောက်လာခဲ့ပြီး အဲဒီအထဲက တော်တော်များများက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို စိတ်မချတာကြောင့် မြန်မာပြည် ဘက်ကို ပြန်သွားခဲ့ကြတယ်လို့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှုးကဆိုပါတယ်။

ဒုက္ခသည် ၆၂၃ ဦးကို ပြန်ပို့ပေးခဲ့ပြီး ထိုင်းဘက်မှာ ၂,ဝ၉၄ ဦး ကျန်နေသေးတယ်လို့ ဆိုပါတယ်။ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့ကတော့ အသက်နဲ့ရင်းပြီး ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည် တွေကို မြန်မာနိုင်ငံကို အလျင်စလိုပြန်မပို့ဖို့ တိုက်တွန်းထားပါတယ်။