မြန်မာက ကျားဖြန့်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး ထိုင်းနဲ့ သီရိလင်္ကာ ဆွေးနွေး

RFA Burmese
2025.01.16
မြန်မာက ကျားဖြန့်ဂိုဏ်းတွေမှာ လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး ထိုင်းနဲ့ သီရိလင်္ကာ ဆွေးနွေး ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) ၏ အထွေထွေအတွင်းရေးမှူးချုပ် Chatchai Bangchuad အဖွဲ့နှင့် သီရိလင်္ကာနိုင်ငံ သံအမတ် Wijayanthi Edirisinghe အဖွဲ့တို့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့က တွေ့ဆုံကြစဥ်။
Embassy & Permanent Mission of Sri Lanka Bangkok, Thailand

မြန်မာနိုင်ငံက ဆိုက်ဘာရာဇဝတ်မှု ကျူးလွန်နေတဲ့ နေရာတွေမှာ လူကုန်ကူးခံရတဲ့သူတွေကို ကယ်တင်ရေးမှာ အကူအညီပေးဖို့ ထိုင်းနိုင်ငံက အသင့်ရှိတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် Chatchai Bangchuad က သီရိလင်္ကာနိုင်ငံ သံအမတ် Wijayanthi Edirisinghe နဲ့တွေ့ဆုံချိန် ပြောလိုက်ပါတယ်။

ဇန်နဝါရီ ၉ ရက်နေ့က ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လုံခြုံရေးကိစ္စတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတာလို့ သီရိလင်္ကာ သတင်းဌာနဖြစ်တဲ့ Daily news မှာ ဇန်နဝါရီ ၁၆ ရက် ဒီနေ့ ဖော်ပြပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကလည်း တရုတ်သရုပ်ဆောင် Wang Xing မြန်မာနိုင်ငံ မြဝတီမြို့က အွန်လိုင်းငွေလိမ် လုပ်ငန်းဆီ လူကုန်ကူးခံခဲ့ရပြီး ထိုင်းအာဏာပိုင်တွေက စုံစမ်းရှာဖွေခဲ့ပြီးနောက် ဇန်နဝါရီ ၇ ရက်နေ့မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံဘက်ခြမ်းမှာ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အီသီယိုးပီးယားနဲ့ ကင်ညာနိုင်ငံသားတွေ အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံက လူခြောက်ထောင်ကျော် လူကုန်ကူးခံထားရတယ်လို့ ယုံကြည်ရကြောင်း အဆာဟိရှင်ဘွန်း ဂျပန်သတင်းဌာနက ဇန်နဝါရီ ၁၅ ရက်နေ့မှာ ဖော်ပြထားပါတယ်။

အများစုဟာ ထိုင်းနိုင်ငံကတစ်ဆင့် မြန်မာနိုင်ငံကို လူကုန်ကူးခံရတာဖြစ်ပြီး ဒုစရိုက်လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေခံနေရတယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။