တရုတ်နိုင်ငံရဲ့ အကြီးတန်း သံတမန် ဝမ်ယိနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ် ဝီနိုင်းတို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ တွေ့ဆုံပြီး မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ကြတယ်လို့ ရှင်ဟွာသတင်းက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်က မကြာခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ရှင်းပြခဲ့ပြီး၊ မြန်မာနိုင်ငံပြဿနာနဲ့ပတ်သက်လို့ နိုင်ငံရေးအရ အဖြေရှာတဲ့နေရာမှာ တရုတ်နိုင်ငံက အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ မျှော်လင့်တဲ့အကြောင်းပြောခဲ့တယ်လို့ သတင်းမှာ ပါရှိပါတယ်။
မစ္စတာ ဝမ်ကလည်း တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်ဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံနေကြောင်း၊ အားလုံးအတွက် လက်ခံနိုင်မယ့် လမ်းပြမြေပုံ ဖန်တီးရေးဆွဲနိုင်ဖို့ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို သိရှိထားကြောင်း ဝမ်ယိက ပြောပါတယ်။ တရုတ်နိုင်ငံဟာ အာဆီယံ ညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ အာဆီယံ အသိုက်အဝန်းတည်ဆောက်မှုတွေကို အားပေး ထောက်ခံနေကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ပါရှိပါတယ်။