ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာ ၃၈ ဦး ဖမ်းဆီးခံရ
2024.11.04
ထိုင်းနိုင်ငံအလယ်ပိုင်း၊ နခွန်းစဝမ်ခရိုင်မှာ မြန်မာနိုင်ငံကနေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက နိုဝင်ဘာ ၄ ရက် ဒီနေ့မှာ ပြောပါတယ်။
နိုဝင်ဘာ ၁ ရက်နေ့ ညပိုင်းက နခွန်းစဝမ်ခရိုင်၊ ကောက်လိယို့မြို့နယ် နယ်နိမိတ်အနီးက အမြန်လမ်းမပေါ်မှာ မောင်းနှင်လာတဲ့ မှန်လုံကား သုံးစီးကို အမြန်လမ်း ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာကနေ ဖမ်းဆီးမိခဲ့တာပါ။ သူတို့ဟာ ကရင်ပြည်နယ် မြဝတီမြို့ကနေ မဲဆောက်၊ ချင်းမိုင်မြို့တွေကို ပွဲစားတွေခေါ်ဆောင်ရာ တောလမ်းကနေ အဆင့်ဆင့်လာခဲ့ကြတာလို့ ဆိုပါတယ်။
ပွဲစားခအဖြစ် တစ်ဦးကို ဘတ် ၁၇,၀၀၀ ပေးခဲ့ရပြီး ပထုံဌာနီခရိုင်အထိ အလုပ်သွားလုပ်ကြမဲ့သူတွေဖြစ်တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
“သူတို့ကို နခွန်းစဝမ်ခရိုင်က ရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ တစ်မှု၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့တစ်မှု၊ အဲဒီ ၃၈ ယောက်ကို တရားစွဲမှာ။ ဆက်ပြီးတော့လည်း သူတို့ကို ခေါ်ယူလာတဲ့ပွဲစားတွေကို သတင်းအရ ဆက်လက်ဖော်ထုတ် စုံစမ်းမေးမြန်းမယ်လို့ သိရတယ်။ လူကွဲပြီး မိမယ်ဆိုရင်တော့ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထောင်ဒဏ် တစ်လခွဲပဲ ကျမှာပါ။ အခုက အစုလိုက်အပြုံလိုက် ၃၈ ယောက်လုံး မိတာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေး ဥပဒေအရ ထောင်ဒဏ် တစ်နှစ်ကနေ နှစ်နှစ်အထိ အရေးယူခံရနိုင်တယ်”
ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ၃၈ ဦးနဲ့ အတူ ကားသမားသုံးဦးကို ကောက်လိယို့ ရဲစခန်းမှာ ထိန်းသိမ်းထားပြီး ဒီအမှုမှာ ပါဝင်ပတ်သက်နေတဲ့ ပွဲစားတွေကို ဖမ်းဆီးနိုင်ရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာမှုတွေ များနေသလို လူကုန်ကူးခံရမှုတွေလည်း များနေလာပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် ဖုဖရမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ဝင်လာတဲ့ အထောက်အထားမဲ့ ရိုဟင်ဂျာ ၁၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။