ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပြီး လေးဦးသေဆုံး

RFA Burmese
2025.01.15
ထိုင်း-မြန်မာနယ်စပ်မှာ မူးယစ်မှောင်ခိုအဖွဲ့နဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်ပြီး လေးဦးသေဆုံး ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဖာလွမ်မြို့နယ်တွင် ဖမ်းဆီးရမိသည့် Ice မူးယစ်စိတ်ကြွဆေး ကျောပိုးအိတ် ၃၄ လုံးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့က တွေ့ရစဥ်။
Khaosod English

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဖာလွမ်မြို့နယ် ဘန့်ပန်မဟန်ရွာအနီးမှာ ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းက မူးယစ်ဆေး မှောင်ခိုသယ်လာတဲ့အဖွဲ့နဲ့ ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီး မူးယစ်ဆေးသယ်တဲ့အဖွဲ့က လေးဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

မြန်မာနယ်စပ်နဲ့ မီတာ ခြောက်ရာခန့်အကွာမှာ လူသုံးဆယ်ကျော်ပါတဲ့ အဖွဲ့ကို လှည့်ကင်းတပ်ဖွဲ့က တွေ့ရှိပြီး စစ်ဆေးဖို့ ချဥ်းကပ်ချိန်မှာ မူးယစ်မှောင်ခို သယ်ဆောင်လာသူတွေက စတင်ပစ်ခတ်လို့ နာရီဝက်နီးပါး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် မူးယစ်မှောင်ခို သယ်ဆောင်သူတွေဟာ နယ်စပ်ကိုဖြတ်ပြီး မြန်မာနိုင်ငံထဲကို ပြန်လှည့်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့မှာတော့ အာဏာပိုင်တွေ နယ်မြေရှင်းလင်းချိန် မူးယစ်ဆေးသယ်ယူသူ ရုပ်အလောင်း လေးလောင်းနဲ့ ကီလို တစ်ထောင်ကျော် (၁၁၅၅) Ice မူးယစ်စိတ်ကြွဆေးတွေပါတဲ့ ကျောပိုးအိတ် ၃၄ လုံး သိမ်းဆည်းရမိတယ်လို့ ထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod English မှာ ဖော်ပြထားပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေဟာ ထိုင်းနိုင်ငံကနေတစ်ဆင့် တတိယနိုင်ငံတွေကို သယ်ယူပို့ဆောင်တာလို့ အာဏာပိုင်တွေရဲ့ ယူဆပြောဆိုချက်ကို The Nation သတင်းဌာနမှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က ဒေသတွင်း မူးယစ်ဆေး တင်သွင်းမှုတွေ တိုးလာစေသလို ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးနဲ့ ဘိန်းဖြူ ဖမ်းဆီးရမိတာ ပိုများလာတယ်လို့ ထိုင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြီးတန်း အရာရှိတစ်ဦးက ၂၀၂၄ ခုနှစ် အောက်တိုဘာမှာ ပြောထားပါတယ်။

မူးယစ်ဆေး တင်သွင်းတဲ့လမ်းကြောင်းဟာ ထိုင်းနိုင်ငံမြောက်ပိုင်းက အဓိကဖြစ်နေပြီး ၂၀၂၄ ခုနှစ်အတွင်း မြောက်ပိုင်းပြည်နယ်တွေမှာ မက်သာဖက်တမင်း ဖမ်းဆီးရမိမှုဟာ ၂၀၂၃ ခုနှစ်ထက် ၃၉ ရာခိုင်နှုန်းတိုးပြီး ဘိန်းဖြူ ဖမ်းဆီးရရှိမှုကတော့ ရှစ်ဆ ပိုများလာတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။