မြန်မာကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ထိုင်း ပြင်ဆင်
2025.02.06

ထိုင်းအစိုးရပိုင် လောင်စာဆီကုမ္ပဏီ PTT Oil and Retail Business Plc (OR) က မြန်မာနိုင်ငံကို လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့ ပြင်ဆင်နေတယ်လို့ ဘန်ကောက်ပို့စ်က ဖေဖော်ဝါရီလ ၆ ရက်နေ့ ဖော်ပြပါတယ်။
အိမ်နီးချင်းနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အစိုးရရဲ့ မူဝါဒအရ အခုလိုရပ်ဆိုင်းဖို့ ပြင်ဆင်နေတာလို့ ဆိုပါတယ်။
ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ (NSC) ရဲ့ နယ်စပ်ဂိတ်ငါးခုက လောင်စာဆီတင်ပို့မှုကို တားမြစ်ဖို့အတွက် တရားဝင်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေတယ်လို့လည်း OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကို ဆက်သွယ်ရေးဝန်ဆောင်မှုနဲ့ လောင်စာဆီတင်ပို့မှု ရပ်ဆိုင်းဖို့အတွက် NSC က ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
OR က မြန်မာနိုင်ငံကို တစ်လ လောင်စာဆီ လီတာ ၁၅ သန်းကနေ သန်း ၂၀ အထိ တင်ပို့နေတယ်လို့ ဖော်ပြပါတယ်။ ဒီလောင်စာဆီတွေကို မြ၀တီ၊ တာချီလိတ်၊ မြိတ်နဲ့ ကော့သောင်းမြို့တွေကို ရောင်းချပေးနေတာလို့ ဆိုပါတယ်။
OR ရဲ့ လောင်စာဆီတွေကို တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာရှိတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂) အနီး နယ်စပ်ဂိတ်ကတစ်ဆင့် တင်ပို့နေတာလို့ ဖော်ပြပါတယ်။
NSC က မြန်မာနယ်စပ်ကို လောင်စာဆီဖြတ်တောက်မဲ့ ဆုံးဖြတ်ချက်မချမီ ထွက်ခွာသွားတဲ့ လောင်စာဆီကားတွေဟာ လက်ရှိ မဲဆောက်နယ်စပ်ဂိတ်မှာ ဖြတ်သန်းခွင့်မရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခြေအနေကို စောင့်ကြည့်နေပြီး နယ်စပ်ဂိတ်က ထွက်ခွာခွင့်မရရင် ဖောက်သည်တွေကို ချက်ချင်း အကြောင်းကြားသွားမယ်လို့ OR ရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ ရာချာ ယူထိုင်ချန် (Racha Uthaichan) က ပြောကြားထားပါတယ်။