ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးကနေ အနားယူကြောင်း ကြေညာ

နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဇူလိုင် ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မေလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ သူဦးဆောင်တဲ့ စစ်တပ်လိုလားတဲ့ United Thai Nation Party က အောက်လွှတ်တော်အမတ်နေရာ ၅ဝဝ ဝင်ပြိုင်ခဲ့ရာမှာ ၃၆ နေရာသာ အနိုင်ရရှိခဲ့ပြီး နှစ်လနီးပါးအကြာမှာ အခုလို ကြေညာလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းလိုက်ပြီးကတည်းက ကိုးနှစ်ကြာ ဝန်ကြီးချုပ်တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

အသက် ၆၉ နှစ် ရှိပြီဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ဟာ ဒီကြေညာချက်ကို United Thai Nation Party ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ကြေညာခဲ့တာပါ။

ဒီကြေညာချက်မှာ သူ့အနေနဲ့ United Thai Nation Party ရဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ပြီး နိုင်ငံရေးကနေ အနားယူတော့မယ့်အကြောင်း၊ ပါတီခေါင်းဆောင်တွေ၊ အမှုဆောင်တွေနဲ့ ပါတီဝင်တွေအနေနဲ့ နိုင်ငံတော်အဖွဲ့အစည်းတွေ၊ ဘာသာသာသနာနဲ့ ဘုရင်စနစ်ကို ကာကွယ်ပြီး ထိုင်းပြည်သူတွေကို စောင့်ရှောက်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ပါတီမူဝါဒတွေနဲ့အတူ နိုင်ငံရေးကို ဆက်လက်ဆောင်ရွက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်းရင်းကိုတော့ ရှင်းပြတာမရှိဘဲ သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ကိုးနှစ်တာကာလအတွင်း နိုင်ငံတော်၊ သာသနာ၊ ဘုရင်စနစ်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်နိုင်ခဲ့တယ်လို့ ရေးသားထားပါတယ်။