ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်
2023.01.12
သုံးနှစ်နီးပါးပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့က ပြန်ဖွင့်လိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂ဝ၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က ပိတ်ထားခဲ့တဲ့ တံတားကို မူလက ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ကြေညာထားပေမယ့် ရှစ်လနီးပါးကြာမှ ပြန်ဖွင့်နိုင်ခဲ့တာပါ။
ထိုင်းဘက်က တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာစစ်ကောင်စီဘက်က မြဝတီခရိုင် အုပ်ချုပ်ရေးမှူးနဲ့ နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ နှစ်ဖက်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌတွေ အပါအဝင် မနက် ၇ နာရီခွဲမှာ တံတားပေါ်မှာ တွေ့ဆုံနှုတ်ဆက်ပြီး ဖွင့်ပွဲ ပြုလုပ်ခဲ့ကြတာပါ။
တံတားပြန်ဖွင့်လိုက်ပေမယ့် မြန်မာဘက်က လာမယ့်သူတွေအတွက် ထိုင်းနိုင်ငံဝင်ခွင့် လိုအပ်ချက်နဲ့ ပြည်ပခရီးသွားတွေ ဝင်ရောက်ခွင့်မူဝါဒတွေကို တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
တံတားပြန်ဖွင့်လိုက်တဲ့အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုကောင်းမွန်လာမှာ ဖြစ်သလို၊ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးအတွက် ပိုမိုကောင်းမွန်လာမယ်လို့ ထိုင်း-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။
နှစ်နိုင်ငံအဝင်အထွက်မှာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးဖို့ ကျန်းမာရေးဌာနတွေ ထားရှိမှာဖြစ်ပြီး နယ်စပ်အသွားအပြန် ဝင်ထွက်မဲ့သူတွေအနေနဲ့ သန်းခေါင်စာရင်းပြနိုင်သူတွေကို ၇ ရက် လည်ပတ်ခွင့်ပြုမယ်လို့ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။
ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့မှာ ပြီးခဲ့တဲ့နှစ်ကစပြီး ဗုံးပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလ ၁၅ ရက်ညပိုင်းကလည်း မြဝတီ-မဲဆောက်တံတားအနီးမှာ ဗုံးပေါက်ကွဲပြီး ကားနှစ်စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။