တာချီလိတ်‌ဗုံးပေါက်ကွဲမှုသံသယနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းကဖမ်းဆီးလွှဲပြောင်း

RFA Burmese
2023.03.01
တာချီလိတ်‌ဗုံးပေါက်ကွဲမှုသံသယနဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းကဖမ်းဆီးလွှဲပြောင်း ထိုင်းအာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် ပြန်လွှဲပေးလိုက်သည့် မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးပုံကို MGR ထိုင်းသတင်းဌာနက ဖော်ပြထားစဉ်။
MGROnline

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တာချီလိတ်မြို့ဗုံးပေါက်ကွဲမှုနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ပြန်လွှဲပေးလိုက်တယ်လို့ ထိုင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး မဲခေါင်သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၃၀ အရွယ် KNU တပ်သားဟောင်းတစ်ဦးနဲ့ ဇနီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတို့ ဖြစ်တယ်လို့ ပြောပါတယ်။ MGR ထိုင်းသတင်းဌာနက ဖော်ပြတဲ့ဓာတ်ပုံတွေအရ ဖမ်းဆီးခံရသူတွေနဲ့အတူ ဒရုန်း သုံးစီး၊ သေနတ်တစ်လက်နဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရပါတယ်။

တာချီလိတ်ဒေသခံတွေကတော့ သူတို့နှစ်ဦးဟာ ပေါက်ကွဲမှုနဲ့ မပတ်သက်ဘဲ ထိုင်းရဲက ဖမ်းပြီး ပြန်လွှဲလိုက်တာလို့ RFA ကိုပြောပါတယ်။

“လူကတော့ ဟိုဘက်ကမ်းမှာနေတာ၊ လူမျိုးကတော့ ကရင်။ ထိုင်းရဲက ဖမ်းပြီးတော့ ဒီဘက်ကမ်းကို လွှဲပေးလိုက်တာ။ ထိုင်းရဲက အကျင့်မကောင်းဘူး။ အလုပ်သမားတွေ ဟုတ်တယ်။ ကျွန်တော်တို့ တစ်ခါ ပေါက်ကွဲမှုဖြစ်သေးတယ်လေ၊ မြို့ပြင်နားလေ။ အဲဒီမှာလည်း ၁၅ ယောက်လောက် ဆွဲထားတာ၊ ဘာမှမဆိုင်ပါဘူး”

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်မှာရှိတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးအနီးမှာ ဗုံးငါးလုံး ပေါက်ကွဲခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဖောက်ခွဲမှုကို သူတို့ လုပ်ဆောင်ခဲ့တာလို့ အရှေ့ပိုင်းနဂါးအမည်ရှိ မြို့ပြပြောက်ကျားအဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။ အခုဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံနှစ်ဦးဟာ သူတို့အဖွဲ့နဲ့ ပတ်သက်မှုမရှိကြောင်း၊ မြင်လည်းမမြင်ဖူးကြောင်း အရှေ့ပိုင်းနဂါးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။

“KNU စစ်သားရယ်လို့တော့ ကျွန်တော်တို့လည်း အတိအကျတော့ မသိဘူး။ သိရသလောက်တော့ အလုပ်သမားလို့ပဲ သိထားတာ။ ကျွန်တော်တို့နဲ့တော့ လုံးဝ မသက်ဆိုင်ဘူး။ ဒါပေမဲ့ ပြည်သူတွေကို ထိုင်းဘက်ကနေ အဖမ်းအဆီးတွေ လုပ်နေတာကတော့ မဖြစ်သင့်ဘူး။ ထိုင်းဘက်ခြမ်းမှာ အလုပ်လုပ်နေတဲ့သူတွေအတွက် လုံခြုံရေးကိုလည်း ထိခိုက်တယ်”

စစ်တပ်လိုလားသူတွေရဲ့ Telegram Channel တွေမှာတော့ ဒီဇနီးမောင်နှံဟာ KNU စစ်သားဟောင်းတွေ ဖြစ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ဒီပေါက်ကွဲမှုမှာ ပါဝင်ပတ်သက်မှုမရှိဘဲ ဖမ်းဆီးခံရသူ အယောက် ၂၀ ကျော်သွားပြီလို့လည်း တာချီလိတ်ဒေသခံတွေက RFA ကို ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံနှစ်ဦး ပေါက်ကွဲမှုနဲ့ သက်ဆိုင်ခြင်းရှိ၊ မရှိ သိရဖို့အတွက် စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားယွင်းနေကြောင်းသာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။